News

POST TAGGED AS

စာရေးဆရာမ

29-Dec-2016

စာရေးဆရာမ
ကဗျာဆရာ၊ စာရေးဆရာမကြီး (ဒေါ်) ကြည်အေး ကွယ်လွန်
ရန်ကုန်၊ ဒီဇင်ဘာ ၂၉

မြန်မာစာပေသမိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ အမျိုးသမီး စာရေးဆရာမတွေထဲမှာ ရဲဝံ့တဲ့ အတွေး၊ ဆန်းသစ်တဲ့ ရေးဟန်တွေကြောင့် ထင်ရှားကျော်ကြားခဲ့တဲ့ ကဗျာဆရာ၊ စာရေးဆရာမကြီး ဒေါ်ကြည်အေးဟာ အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့ရှိ Mount Sinai ဆေးရုံမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၄၉ မိနစ်က ကွယ်လွန်သွားခဲ့ပါတယ်။

မြန်မာစာပေလောကမှာ ယနေ့အချိန်အထိ စာဖတ်ပရိသတ်များ စွဲလမ်းတသစွာ ဖက်ရှုနေရဆဲ ဖြစ်တဲ့ ကဗျာနဲ့ ဝတ္ထုကောင်းများစွာကို ရေးဖွဲ့ပေးခဲ့တဲ့ ကဗျာဆရာ စာရေးဆရာမကြီး ကြည်အေးဟာ ကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ်ရှိပြီ ဖြစ်ပြီ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ ၁၉၇၁ ခုနှစ် ကတည်းက သွားရောက်အခြေချ နေထိုင်နေခဲ့တာ ဖြစ်ပါတယ်။

“တမ်းတတတ်သည်၊ နွမ်းလျအိမ်ပြန်၊ ကစလို့ စွဲလန်း နှစ်သက်ခဲ့ရသည့်၊ ရသစာပေ၊ ကဗျာတွေကို ဖန်တီးရေးဖွဲ့ပေးခဲ့ပါသော စာပေကျေးဇူးရှင် ဆရာမကြီး ဒေါ်ကြည်အေး ကွယ်လွန်သွားကြောင်း သိရသည့်အတွက် အထူးပင် နှမျောတသ ဝမ်းနည်းရပါသည်” လို့ နာမည်ကျော် စာရေးဆရာမ ပုညခင်က သူ့ရဲ့ Facebook Page မှာ ရေးသားထားပါတယ်။ 

စာရေးဆရာမကြီး ကြည်အေးဟာ အသက် ၂၀ မပြည့်ခင်မှာ ၁၉၄၇ ခုနှစ်ထုတ်၊ တာရာမဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၄) မှာ ပါဝင်ခဲ့တဲ့ ထိုညဝတ္ထုတိုနဲ့ စာပေလောကကို စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ၎င်းရေးသားခဲ့တဲ့ တမ်းတတတ်သည်၊ နွမ်းလျအိမ်ပြန်၊ မီ၊ မောင်ကိုကိုနဲ့ မြနန္ဒာ၊ ဖုန်းသက်တိုင်၊ ကေဖွဲ့ဆိုသီ၊ ကျွန်မ ပညာသည် စတဲ့ ဝတ္ထုတွေနဲ့ တစ္ဆေ၊ သစ္စာသစ် စတဲ့ ကဗျာတွေဟာလည်း စာပေလောကမှာ လူသိများ၊ ထင်ရှားကျော်ကြားခဲ့ပါတယ်။

“ဆရာမကြီးရဲ့ ကဗျာတွေမှာ ရေးဟန်နဲ့ အရေးအသားတွေက အရမ်းလှတယ်လေ။ သူရေးတဲ့ အတွေးနဲ့ ရှုထောင့်ကလည်း ထူးခြားပါတယ်။ သူ့ကဗျာတွေရဲ့ ဟန်နဲ့ အသံကလည်း အရမ်းလှပါတယ်။ ဝတ္ထုတွေမှာဆိုလည်း သူ့ရဲ့ အတွေးအမြင်တွေနဲ့ စကားပြေ အရေးအသားတွေက ထူးခြားပါတယ်။ ဆရာမကြီး မရှိတော့ပေမယ့် သူရေးခဲ့တဲ့ စာတွေနဲ့ ကဗျာတွေက မြန်မာစာပေရဲ့ အိမ်ဦးခန်းမှာ အမြဲရှိနေမှာပါ” လို့ စာရေးဆရာ ရဲသျှမ်းက ပြောကြားပါတယ်။ 

ဒေါ်ကြည်အေးကို ၁၉၂၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ကုန်သည်မိဘများကနေပြီး မွေးဖွားခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်မှာ အိမ်ထောင်ကျပြီး သားသမီး ခြောက်ယောက် မွေးဖွားခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်ကနေ ၁၉၆၃ ခု နှစ်အထိ တက္ကသိုလ်မှာ အင်္ဂလိပ်စာ နည်းပြဆရာမ အဖြစ် လုပ်ကိုင်ခဲ့ပေမယ့် ၁၉၆၅ ခုနှစ်ကနေ ၁၉၆၈ ခုနှစ် အထိ ဆေးတက္ကသိုလ် ပြန်တက်ပြီး၊ ၁၉၇၀ ခုနှစ်မှာ ဆရာဝန်ဘွဲ့ကို ရရှိခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုမြို့မှာ အလုပ်သင် ဆရာဝန်အဖြစ် ၁၉၇၁ ခုနှစ်ကနေ ၁၉၇၃ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီး၊ ၁၉၇၃ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့မြောက်မြို့များမှာ ကထိက အထူးကုဆရာဝန်၊ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၁ အထိ အင်္ဂလန်ရှိ အစိုးရဆေးရုံနဲ သီးသန့်ဆေးရုံတွေမှာ အထူးကု ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

Photo Credit - Cynthia 



FOLLOW US