POST TAGGED AS

စာရေးဆရာမ

ပညာရေး စိတ်ပညာ ပါမောက္ခ ဒေါက်တာနုနုဝင်းနှင့် တွေ့ဆုံခြင်း အပိုင်း (၁)

ယခုအခါ မိမိသား၊ သမီးကို ကိုယ်ပိုင်ကျောင်းတွင် ထားသည်ဖြစ်စေ၊ အစိုးရကျောင်းတွင် ထားသည်ဖြစ်စေ ဆရာများက ရိုက်နှက်ဆုံးမမှုကြောင့် အပြင်းအထန် ဒဏ်ရာရပြီး ဆရာနှင့်မိဘ မကြာခဏ ပြဿနာ ဖြစ်ပွားလေ့ ရှိကြသည်။ ထိုသို့သော အခြေအနေများ မည်သည့်အတွက်ကြောင့် ဖြစ်ရသည်ကို ပညာရေး စိတ်ပညာ ကျွမ်းကျင်သူ စစ်ကိုင်းပညာရေး တက္ကသိုလ် ပညာရေး စိတ်ပညာဌာန၊ ပါမောက္ခ၊ ဌာနမှူး (အငြိမ်းစား) ဒေါက်တာနုနုဝင်းနှင့် The Voice တို့ တွေ့ဆုံမေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ကျွန်တော်တို့ မြန်မာ့ပညာရေးက ဆရာနဲ့ ကျောင်းသား ဆက်ဆံရေးမှာ ကျောင်းသားက တစ်စုံတစ်ခု မှားယွင်းတာပဲဖြစ်ဖြစ်ပေါ့။ ဆရာတွေက ကောင်းစေချင်လို့ ရိုက်နှက်ပြီး ဆုံးမတယ်ဆိုတဲ့အပေါ် ရိုက်နှက်တယ် ဆိုတာကို ပညာရေး စိတ်ပညာရှင် အနေနဲ့ လက်ခံပါသလား။ 

Dr. NNW : ကျောင်းသားကို သင်ကြားတဲ့နေရာမှာ ဆုပေး၊ ဒဏ်ပေးစနစ် ဆိုတာ ရှိပါတယ်။ အဲဒီဆုပေး၊ ဒဏ်ပေးစနစ်ထဲမှာ ရိုက်နှက်ခြင်းဟာလည်း တစ်မျိုးပါတယ်။ ဒဏ်ပေးတဲ့အထဲမှာ လူရဲ့ ကိုယ်ကာယကို ဒဏ်ပေးတာပါတယ်။ အဲဒီလိုပဲ စိတ်ပိုင်းဆိုင်ရာကို စိတ်ညစ်အောင် အပြစ်ပေးတာလည်း ပါတယ်။ ကျောင်းသားတစ်ယောက် မလုပ်သင့်၊ မလုပ်ထိုက်တာကို မလုပ်စေချင်တဲ့ စေတနာနဲ့ ဒဏ်ပေးတယ်။ ကျောင်းသားတစ်ယောက် လုပ်သင့်လုပ် ထိုက်တာကို ဆက်လက်ပြီး လုပ်စေချင်တဲ့အတွက် ဆုပေးတယ်။ အဲဒီတော့ ဆုပေး၊ ဒဏ်ပေး ဆိုတာဟာ ကျောင်းသားတွေကို ပညာသင်ကြားရေးမှာ ရှိပါတယ်။ ဆုချည်းပဲပေးလို့ မရဘူး။ ဒဏ်ချည်းပဲပေးလို့ မရဘူး။ 

အဲဒီတော့ ရိုက်နှက်တယ်လို့ ပြောတဲ့နေရာမှာတော့ ဘာအတွက် ရိုက်နှက်တာလဲ ဆိုတာ စကားပြောပါတယ်။ ဘယ်လောက်ရိုက်နှက်တယ် ဆိုတာလည်း ပြောပါတယ်။ ဘယ်လိုရိုက်နှက်တယ် ဆိုတာလည်း ပြောပါတယ်။ အဲဒီတော့ ယေဘုယျအားဖြင့် ပြောရင်တော့ ရှေးရှေးတုန်းက ဗမာ့လူ့ဘောင်အဖွဲ့အစည်းမှာ ကျောင်းသားတစ်ယောက်ကို ကျောင်းလာအပ်ပြီဆိုရင် မိဘတွေက “ဆရာမရယ်၊ မကျိုးရင်၊ မကန်းရင်တော်ပါပြီ။ ကြိုက်သလို ဆုံးမပြီး သင်ကြားပါ” ဆိုပြီးတော့ ပြောတယ်။ အဲဒီလို ကျောင်းသားတွေကို ရိုက်ဖို့လို့ မိဘတွေက ဒီလိုအပ်ကြပါတယ်။ ဒါက ဗမာ့လူ့ဘောင်အဖွဲ့အစည်းရဲ့ ထုံးတမ်းစဉ်လာပါပဲ။ ကိုယ့်သား၊ သမီးလိမ္မာဖို့၊ စာတတ်ဖို့ ဆရာမက ဘယ်နည်းနဲ့ဆုံးမ၊ ဆုံးမ ဆိုတာမျိုး ပြောပါတယ်။ 

အင်္ဂလိပ်မှာလည်း ‘Spare the Rod and Spoil the Child’ ဆိုတာ ရှိပါတယ်။ ‘တုတ်ကိုဖယ်လိုက်လို့ ရှိရင် ကလေးကို ပျက်စီးစေတယ်’ ဆိုတာ ရှိတယ်။ ပညာရေးမှာ ရှေးရှေးတုန်းက ယူဆခဲ့တဲ့ အယူအဆတွေပေါ့။ အဲဒီတော့ ဟိုတုန်းကတော့  ဆရာတွေက ရိုက်ကြတယ်။ ဆရာတွေက ရိုက်လို့ လိမ္မာသွားလို့ ‘လွမ်းလို့မဆုံး ရွှေကြိမ်လုံး’ ဆိုပြီးတော့တောင် စာဖွဲ့ရတာပေါ့။ ဒါက ဗမာ့လူ့ဘောင်အဖွဲ့အစည်းမှာလည်း ရှိခဲ့တယ်။ နိုင်ငံတကာမှာလည်း ရှိခဲ့တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာကျတော့ ဘာဖြစ်လာလဲဆိုတော့ Spare the rod ဆိုတာ ပိုပြောလာတာပေါ့။ ကလေးတွေကို ဒဏ်ပေးတာကို အရမ်းမလုပ်ဘဲနဲ့ ပြင်းထန်စွာ ရိုက်နှက်တာတွေ မလုပ်ဘဲနဲ့  ရှောင်ကြဉ်လို့ရှိရင် ပိုကောင်းတယ်။ တခြားနည်းနဲ့ ဒဏ်ပေးတယ်ဆိုရင် ပိုကောင်းတယ် ဆိုတာမျိုး ပြောတယ်။ အဲဒီတော့ ကျွန်မအနေနဲ့ ယေဘုယျအားဖြင့်  ပြောရင်တော့ ရိုက်တာကို မကြိုက်ဘူး။ ဒါပေမဲ့ တစ်ခါတလေ တခြားနည်းနဲ့ ဒဏ်ပေးတာထက်စာရင် ရိုက်လိုက်တာက ပိုမကောင်းဘူးလားလို့ တွေးမိတယ်။ 

Voice : ဘာကြောင့်ပါလဲ။ ဘယ်လိုအခြေအနေမှာ ရိုက်ဆုံးမတာကို ရွေးချယ်သင့်တာပါလဲ။ 

Dr. NNW : ဥပမာ - ကျွန်မ စစ်ကိုင်းပညာရေး တက္ကသိုလ်မှာ ပါမောက္ခ တာဝန်ထမ်းဆောင်ချိန် နောက်တစ်နေ့မှာ ဝါဆိုသင်္ကန်းကပ်ဖို့ ဆရာ၊ ဆရာမတွေက ကြာဆံချက်ချက်ဖို့ အကုန်လုံးပေါ့။ အသေအချာရေကို အုတ်ကန်ထဲမှာ သိုလှောင်ထားတယ်။ ကလေးငါးယောက်က ညဘက်မှာ အပြင်က ပြန်လာပြီးတော့ နည်းနည်းလည်း မူးလာတယ် ထင်ပါတယ်။ အဲဒီကန်ထဲ ဆင်းပြီးတော့ ရေကူးပစ်လိုက်ကြတယ်။ နောက်တစ်နေ့ မနက်ကျတော့ ကျွန်မက ဗုဒ္ဓဘာသာ အသင်းဥက္ကဋ္ဌ ဖြစ်တဲ့အတွက် ကျန်တဲ့ကလေးတွေက တိုင်တယ်။ “ဆရာမ ဒီကောင်တွေ ရေကူးကြတယ်။ ဘယ်သူနဲ့အဖွဲ့ပေါ့”။ ဆိုတော့ အဲဒီမှာ တရားစီရင်ရတော့မယ်။ သူတို့က ကျွန်မကို ဗုဒ္ဓဘာသာအသင်း ဥက္ကဋ္ဌအနေနဲ့ တိုင်တယ်။ ပါမောက္ခအနေနဲ့ တိုင်တယ်။ အဲဒီတော့ ကြည့်လိုက်တဲ့အခါ အဲဒီကလေး ငါးယောက်က ရေကူးတာက ကူးတာ။ စာကတော်တယ်။ ပါမောက္ခတစ်ယောက် အနေနဲ့ ဆိုရင်တော့ ဒါကိုတိုင်ရမယ်။ တိုင်ရမယ်ဆိုတာ စာလေးတစ်ချက်ရေးပြီး ပါမောက္ခချုပ်ကို တိုင်လိုက်မယ်။ ပါမောက္ခချုပ်ကို တိုင်လိုက်ရင် ပါမောက္ခချုပ်က အဖွဲ့ ဖွဲ့မှာပဲ။ ကျွန်မတို့ ကျောင်းတွေမှာအုပ်ချုပ်ရေးအဖွဲ့ ဆိုတာ ရှိတယ်။ ကောင်းပြီ။ အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ စစ်မယ်။ စစ်ရင်အပြစ်ပဲ။ ဒီကောင်တွေကို ကျောင်းထုတ်ရုံပဲ ရှိတယ်။ ဒါပေမဲ့ ကျွန်မက တစ်ခုစဉ်းစားတယ်။ ဒီကောင်တွေကို ကျောင်းထုတ်ပစ်လိုက်ရမှာ နှမြောတယ်။ တော်နေတဲ့ ကလေးတွေကိုး။ နှမြောတဲ့ အတွက် ငါးချက်စီ၊ ဆယ်ချက်စီ ခြေသလုံးကို ရိုက်ခဲ့တယ်။ 

ကျွန်မ သူတို့ကို ကျောင်းမထုတ်ခဲ့ဘူး။ ပြီးပြီ။ ဒါတရားစီရင်လိုက်တာ။ ဆူစရာ၊ ပြောစရာကို ပြောလိုက်တယ်။ ရိုက်လိုက်တယ်။ ဘာမှဆက်ပြီး မတင်တော့ဘူး။ မတင်တော့၊ မတိုင်တော့ ပြီးသွားတယ်။ ပါမောက္ခချုပ်လည်း မသိလိုက်ဘူး..။ အဲဒါကျတော့ ကျွန်မ စဉ်းစားကြည့်တယ်။ အပြစ်ပေးတာပဲ။ ကြိမ်လုံးနဲ့ ရိုက်လိုက်တာက ကျောင်းထုတ်လိုက်တာထက် အများကြီး ကောင်းတာပဲ မဟုတ်ဘူးလား။ ကျောင်းမထုတ်လိုက်တဲ့အတွက် သူတို့သည် နိုင်ငံတော်ကို  အကျိုးပြုတဲ့ ပုဂ္ဂိုလ်တွေ အဖြစ်နဲ့ ရှိနေကြတယ်။ အဲဒီတော့ တစ်ခါတလေကျတော့ တခြားနည်းသုံးပြီး အပြစ်ပေးတာထက်စာရင် ရိုက်လိုက်တာက သက်သာသေးတယ်။ 

နောက်တစ်ခု ပြောမယ်။ အခုခေတ် ဆရာမလေး။ သင်တန်းမတက်ရသေးဘဲ ဆွဲခန့်ထားတဲ့ ဆရာမလေး။ ကျွန်မတို့ရဲ့ ဆရာကြီး ပညာရေး စိတ်ပညာရှင် ဒေါက်တာသိန်းလွင်ကို ထမေးတယ်။ “ဆရာကြီးက Spare the rod လို့ ပြောပါတယ်။ Spare the rod ဆိုလို့ ကျွန်မ Spare the rod လုပ်ပါတယ်။ ဒါပေမဲ့ စာကျက်စေချင်တဲ့ စေတနာနဲ့ ဒဏ်ပေးလိုက်တယ်။ အဲဒါကို မိဘတွေက ပြဿနာတက်ပြီး ကျောင်းအုပ်ကြီးကို လာတိုင်တယ်” တဲ့။ သူက ဘယ်လိုလုပ်လိုက်တာလဲ ဆိုတော့ ကလေးလေးက ခုနစ်တန်း မိန်းကလေး။ ခုနစ်တန်းဆိုတာ အပျိုဖော်ဝင်စအရွယ် ဖြစ်နေတယ်။  ခုနစ်တန်း မိန်းကလေးကို စာမရလို့၊ စာကျက်စေချင်လို့ သူမရိုက်ဘူး။ ဘာလုပ်ခိုင်းလဲဆိုတော့ “ဂါဝန်မ၊ လှန်ခိုင်းပြီး တစ်ကျောင်းလုံးလှည့်ပြီး လျှောက်ခိုင်းတယ်” တဲ့။ 

ကျွန်မ နားထောင်နေရင်း ဘုရား၊ ဘုရား တမိတယ်။ ဆရာမရယ် ရိုက်လိုက်တာကမှ တော်ပါသေးတယ်။ တစ်ချက်၊ နှစ်ချက်ရိုက်လိုက်ရင် ရိုက်လိုက်တာ ပြဿနာ မရှိဘူး။ ကလေးဟာ စိတ်မှာ ဒဏ်ရာ ဘယ်လောက်ရသွားမလဲ။ ဘယ်သူက သူ့ကိုပြောပြော၊ မပြောပြော ဒီလိုဂါဝန်ကြီးမပြီး လမ်းလျှောက်ရတယ်ဆိုတာ အားလုံးက သိနေမှာပဲ ဆိုတာကြီး ကလေးက တစ်သက်လုံး စိတ္တဇ ပါသွားပြီ။ အဲဒီတော့ အဲဒီလို စိတ်ပိုင်းဆိုင်ရာထက်စာရင် ခုနလို သုံး၊ လေး၊ ငါးချက် ရိုက်လိုက်တာက ပြဿနာ မရှိဘူးလို့ ထင်တယ်။ ဒါပေမဲ့ ရိုက်တဲ့နေရာမှာလည်း ပညာရေး တက္ကသိုလ်တွေမှာ သင်ရတယ်။ ကျွန်မတို့ နေရာရွေးပါတယ်။ လက်ဖဝါး၊ ခြေသလုံးရိုက်လို့ ရတယ် တော်ပြီ။ လက်ဖဝါး အရှိုးရာထင်ရုံအပြင် အန္တရာယ်မရှိဘူး။  ခြေသလုံးလည်း အရှိုးထင်ရုံအပြင် အန္တရာယ် မရှိဘူး။ တစ်ခုတော့ ရှိတယ်။ အတင်းဒေါသတကြီးတော့ မရိုက်ရဘူးပေါ့။ 

အခုခေတ်ဖြစ်ကုန်တာ ဒေါသတကြီးရိုက်တဲ့အတွက် မသင့်မတော်တာ ပင်ပင်ပန်းပန်းတွေလည်း ဖြစ်ကုန်တယ်။ ကလေးတွေလည်း ထိကုန်တယ်။ နောက်ဆုံး တိုင်ရ၊ ကြားရတဲ့အထိ ဖြစ်ကုန်တာပေါ့။ အဲဒီတော့ ဒေါသတကြီး မလုပ်ရဘူး။ အဲဒါပါပါတယ်။ နောက်တစ်ခု ကလေးကို ပြစ်ဒဏ်ပေးတော့မယ် ဆိုရင်  ဘာပြစ်ဒဏ်ပဲပေးပေး ဘာကြောင့်ပေးရတယ် ဆိုတာ ရှင်းပြရတယ်..။ ကလေးဟာ ကိုယ့်ရန်သူ မဟုတ်ဘူး။ ကိုယ့်သား၊ သမီးလို သဘောထားရမယ်။ ဒါပေမဲ့ သူတို့ လိမ္မာစေချင်သော စေတနာနဲ့ ပြုပြင်တဲ့ အခါတော့ ပြုပြင်ရမယ်။ 

အဲဒီတော့ ရိုက်တာကို ပညာရေး စိတ်ပညာရှင် တစ်ယောက်အနေနဲ့ ကျွန်မလည်း လက်မခံပါဘူး။ သို့သော် ရိုက်နှက်ခြင်းထက်ဆိုးတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်တွေ ဖြစ်ဖို့ထက် ဆိုရင်တော့ တစ်ခါတစ်ရံ ရိုက်လိုက်တာ ကောင်းပါတယ်။ သို့သော် ရိုက်တဲ့နေရာမှာ ဆရာသည် အာဃာတ ကင်းရမယ်။ ဒေါသကင်းရမယ်။ နောက်ပြီးတော့ စနစ်တကျ ရိုက်ရမယ်။ စနစ်တကျဆိုတာ လက်ဖဝါးနဲ့ ခြေသလုံးဆိုရင် ဘာမှမဖြစ်ဘူး။ အဲဒါဆိုရင် ပြဿနာ မရှိဘူး။ ကျောင်းသားကို လက်ဖျားနဲ့မှ မထိဘဲနဲ့ ပေးလို့ရတဲ့ ကိုယ်ကာယဆိုင်ရာ ပြစ်ဒဏ်ရှိတယ်..။ သို့သော် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ပေးတဲ့ အထဲမှာ စနစ်ရှိတယ်။ အဲဒီစနစ်ဟာ ပညာရေးတက္ကသိုလ်က ဆရာ၊ ဆရာမတွေကို ပေးလိုက်တယ်။ အဲဒီစနစ်အတိုင်း အပြစ်ပေးရင် ပြဿနာ မရှိဘူး။ တချို့နေရာတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် လုပ်မယ့်အစား၊ ကလေးရဲ့ ဘဝကို အညွန့်တုံးအောင် ကျောင်းထုတ်ပစ်မယ့်အစား အဲဒီလိုလုပ်သင့်တဲ့ အခါလေးတွေ ရှိပါတယ်။ ဒါပေမဲ့ ကလေးလည်း အန္တရာယ်ကင်းအောင်၊ ကိုယ်လည်း အန္တရာယ်ကင်းအောင် အပြစ်ပေးတတ်ဖို့ လိုပါတယ်။ 

Voice : အခုဆိုရင် ကိုယ်ပိုင်ကျောင်းတွေမှာရော၊ အစိုးရ ကျောင်းတွေမှာရော ဆရာက ကျောင်းသားကို ရိုက်ဆုံးမလို့ ဆရာ၊ မိဘ ပြဿနာ ဖြစ်ကြတယ်။ တိုင်ကြတယ်။ တန်းကြတယ်။ ဒီပြဿနာတွေ ဘာကြောင့် အဖြစ်များလာတာပါလဲ။ အဖြေက ဘာပါလဲ ခင်ဗျ။ 

Dr. NNW : ဆရာအတတ်ပညာ သင်တန်း (Teacher Training) ကောင်းကောင်းမရခဲ့တဲ့ ဆရာ၊ ဆရာမတွေ ပါလာတာပဲ။ အခုကို Teacher Training ကောင်းကောင်းမရှိသေးဘဲ ဆွဲခန့်ဆရာ၊ ဆရာမတွေ ရှစ်သောင်းခန့်ထားတယ်။ တစ်သောင်းပဲ သင်တန်းပေးရသေးတယ်လို့ ပြောပါတယ်။ အဲဒီတော့ ကျန်တဲ့ခုနစ်သောင်းက သင်တန်းမရှိသေးဘူး။ အခုထိ ခန့်ပြီးသား။ ပြီးခဲ့တဲ့ နှစ်တည်းက ခန့်တာ။ အဲလောက်ရှိတယ်။ ဒါကမူလတန်းနဲ့ အလယ်တန်းမှာ။ တချို့လည်း အထက်တန်း ရောက်သွားပြီ ထင်တယ်။ အခု ၂၂၀၀ ကျော်ကို ကန်ထရိုက်နဲ့ခန့်ဖို့ လုပ်နေတယ်လေ။ ဒါက Teacher Training မရှိဘဲ ခန့်တာ။ ကျွန်မတို့ကတော့ ပညာရေးတက္ကသိုလ်က ဆရာ၊ ဆရာမတွေ အနေနဲ့ Teacher Training မရှိဘဲ ခန့်တာကို အပြင်းအထန် ကန့်ကွက်တယ်။ အခုလည်း ကန့်ကွက်တယ်။ 

ဘာလို့လဲဆိုတော့ ကျောင်းသားကို နားလည်ဖို့ Teacher Training မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး နားလည်နိုင်မလဲ။ အဲဒီတော့ Teacher Training မရှိရင် ဘာမသိဘူးလဲ ဆိုတော့ ကလေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူဘူးဆိုတာ မသိဘူး။ ကလေးဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဉာဏ်ကောင်းတဲ့ကလေး ရှိမယ်။ ဉာဏ်ထိုင်းတဲ့ကလေး ရှိမယ်။ စာတော်တဲ့ ကလေး ရှိမယ်။ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ ကလေး ရှိမယ်။ စိတ်က တစ်ခုခုသော မိသားစု ကိစ္စကြောင့် ညှိုးနွမ်းနေတဲ့ ကလေး ရှိမယ်။ ဝမ်းနည်းအားငယ်နေတဲ့သူ ရှိမယ်။ ကလေးဟာ မျိုးစုံ ရှိနိုင်တယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက်ဟာ ထပ်တူမတူနိုင်ဘူး။ ဒီထပ်တူမတူနိုင်တဲ့ ကလေးတွေကို တစ်စုတည်း အတန်းထဲမှာ ထည့်ပြီးတော့ သင်ကြားရလို့ ဆရာ၊ ဆရာမလုပ်ငန်း ဆိုတာ မလွယ်တာပါ။ အဲဒီတော့ အခုညည်းသံတွေ ကြားနေရတယ်။ ကလေးတွေကလည်း ဖျင်းလိုက်တာ၊ ဘာဖြစ်တာပေါ့။ ကျွန်မ မြင်တာတော့ သူတို့သည် Teacher Training မတက်ခဲ့ရသေးတော့ ဖျင်းတဲ့၊ ညံ့တဲ့ကလေးရဲ့ဒဏ်ကို သူတို့မခံနိုင်ဘူး ဖြစ်နေတယ်။ တကယ်က ကိုယ့်အတန်းထဲမှာ အကုန်လုံး စာတော်တဲ့သူချည်း ရောက်မယ်မထင်နဲ့။ ဉာဏ်ကောင်းတဲ့သူချည်း ရောက်မယ် မထင်နဲ့။ ကလေးမျိုးစုံ ရောက်တာ။ သူတို့ကို လက်ခံထားရမယ်။ အရှိကို အရှိအတိုင်းပဲ လက်ခံရမယ်။ လက်ခံပြီးတော့မှ ကျွန်မတို့ ပညာရေးရဲ့လုပ်ငန်းက ညံ့တဲ့သူကို သင့်လာအောင်၊ သင့်တဲ့သူကို တော်လာအောင်၊ တော်တဲ့သူကို ထူးချွန်လာအောင် သူတို့ ဘယ်အဆင့်ထိ သွားနိုင်မလဲ။ သူတို့သွားနိုင်မယ့် အဆင့်အထိ ကျွန်မတို့က ဆောင်ရွက်ပေးဖို့ ရှိပါတယ်။ ကျွန်မတို့ ပညာရေးတက္ကသိုလ်နဲ့ ပညာရေး ကောလိပ်တွေမှာတော့ အဲဒါကို သင်လိုက်တယ်။ ကလေးစိတ်ပညာလည်း သင်ရတာကိုး။ ကလေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ မတူဘူး။ 

အဲဒီမတူတဲ့ လူတွေကို စုပေါင်းပြီးတော့ သင်တန်းပေးရတဲ့အတွက် ဆရာဆိုတဲ့ လုပ်ငန်းဟာ မလွယ်တာပဲ။ ကျောင်းသားအားလုံးကို နားလည်လာအောင်၊ တတ်မြောက်လာအောင် ဆရာ၊ ဆရာမတွေက ပြောရတယ်။ သင်နေရင်းနဲ့ ကလေးတိုင်း၊ ကလေးတိုင်းကို မျက်လုံးချင်းဆုံ ဖြစ်အောင် ဆရာ၊ ဆရာမက ဆုံရတယ်။ ကြည့်ရတယ်။ တစ်ယောက်တည်းကို ချန်ထားလို့ မရဘူး။ စာမေးရင်လည်း ကလေးတစ်ယောက်မှ ကျန်မနေရဘူး။ သူတို့ကို မေးစရာရှိတာ ထည့်ပြီးတော့ မေးရတယ်။ ပါဝင်လာအောင် လုပ်ရတယ်၊ မေးရတယ်။ အဲဒီလို မလုပ်နိုင်လို့ ရှိရင် ဒီကလေး ဘာဖြစ်နေလဲ ကိုယ်ဘယ်သိမလဲ...။ ကျွန်မတို့ ပညာရေး စိတ်ပညာမှာတော့ ပြောလေ့ရှိတယ်။ အပြုအမူတိုင်း၊ အပြုအမူတိုင်းဟာ အကြောင်းရင်းရှိတယ်။ အဲဒီအကြောင်းအရင်းတွေကလည်း အများကြီးရှိမယ်..။

နေဇာကျော်

ပညာရေး စိတ်ပညာ ပါမောက္ခ ဒေါက်တာနုနုဝင်းနှင့် တွေ့ဆုံခြင်း အပိုင်း (၂) >>




FOLLOW US