News

POST TAGGED AS

စာမေးပွဲ

ဆယ်တန်းမေးခွန်းပုံစံသစ်အကြောင်း ဆရာများကို သင်တန်းပေး
ရန်ကုန်၊ ဩဂုတ် ၆

ရန်ကုန်တိုင်းအတွင်းမှ အထက်တန်းပြဆရာ၊ ဆရာမများကို ယခုနှစ် စတင်ပြောင်းလဲမည့် ဆယ်တန်းမေးခွန်း ပုံစံသစ်အကြောင်း ဘာသာရပ်အလိုက် စတင်သင်တန်းပေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပြောကြားသည်။

ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင်အတွင်းမှ အထက်တန်းပြ ဆရာ၊ ဆရာမများကို အထက (၄) အလုံကျောင်းတွင်လည်းကောင်း၊ အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်အတွင်းမှ အထက်တန်းပြဆရာ၊ ဆရာမများကို အထက(၃) ကြည့်မြင်တိုင် ကျောင်းတွင်လည်းကောင်း သင်တန်းပေးနေခြင်းဖြစ်သည်။

“ဆယ်တန်း မေးခွန်းပုံစံသစ်အကြောင်း ဘာသာရပ်အလိုက် သင်တန်းကို ဩဂုတ် လ ၆ ရက်မှ ၁၄ ရက်အထိ တစ်ရက်လျှင် တစ်ဘာသာ တက္ကသိုလ်များမှ ဘာသာရပ် ပါမောက္ခများက သင်တန်းပေးမည်ဖြစ်ပြီး ဘာသာရပ်အလိုက် အထက်တန်းပြဆရာ၊ ဆရာမများအားလုံး တက်ရောက်နေကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရှိရသည်။

“ဒီနှစ်က တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံ ပြောင်းမယ်ဆိုလို့ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ဆက်သွယ်ပြီး ကူညီဆောင်ရွက်ပြီး မေတ္တာရပ်ခံခဲ့တာ။ ဒါကြောင့် တက္ကသိုလ်မှာရှိတဲ့ ဘာသာရပ်အလိုက် ပါမောက္ခတွေက သူတို့ ကိုယ်တိုင် ဟောပြောပေးမယ်ဆိုလို့ ဒီနေ့ (ဩဂုတ်လ ၆ ရက်မှာ) ဆောင်ရွက်ဖြစ်တာပါ”ဟု ဒေါ်ခင်မာဆွေက ပြောကြားသည်။

တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်နှင့်ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် တိုင်းနှင့် ပြည်နယ်အလိုက် တက္ကသိုလ်များနှင့်ချိတ်ဆက်ကာ သင်တန်းပေးပြီးဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းအနေနှင့် နောက်ဆုံး သင်တန်းပေးခြင်းဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရှိရသည်။

ယခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူဦးရေ ၈၀,ဝ၀၀ ကျော်ရှိပြီး အထက်တန်းပြဆရာ၊ ဆရာမ ၄၉၀၀ ဦးကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရသည်။

အလွတ်ကျက်မှတ်ဖြေဆိုနေသော စာမေးပွဲပုံစံမှပြောင်းလဲရန် ဆယ်တန်းစာမေးပွဲမေးခွန်းပုံစံကို ယခုပညာသင်နှစ်မှစ၍ ပြောင်းလဲ စစ်ဆေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဧပြီလကုန်တွင် ကြေညာခဲ့ပြီး၊ မေလဆန်းပိုင်းမှစ၍ မေးခွန်းပုံစံသစ်များကို နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ထုတ်ပြန်အသိပေးခဲ့ပြီးဖြစ်သည်။

J-19



FOLLOW US