News

POST TAGGED AS

စာသင်ကျောင်း

ချောက်မြို့တွင် စာသင်ခန်းနှင့် ဆရာလိုအပ်သည့်အတွက် တောင်းဆို
ချောက်၊ ဩဂုတ် ၆

မကွေးတိုင်းဒေသကြီး ချောက်မြို့ရှိ ကြောင်လျှာတောကျေးရွာအုပ်စု အထကကျောင်းအတွက် စာသင်ခန်းနှင့် ဆရာလိုအပ်သည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းတွင် တောင်းဆိုခဲ့ကြောင်း ကြောင်လျှာတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။

အဆိုပါ တောင်းဆိုချက်အပါအဝင် တောင်းဆိုချက် ငါးချက်ကို ဩဂုတ်လ ၄ ရက်က ကြောင်လျှာတောကျေးရွာ၌ ပြုလုပ်သည့် စတုတ္ထအကြိမ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်းတွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ကျောင်းသားဦးရေနဲ့ အခန်းနဲ့ ကျောင်းအနေအထားပေါ် မလုံလောက်မှု ပြဿနာပေါ့။ ကျောင်းသားဦးရေများလာရင် စာဖြေဌာနကြီးလာမယ်။ များလာမယ့် ကျောင်းသားဦးရေ စာဖြေဌာန မလုံလောက်တဲ့အတွက် ကျောင်းဆောင် တစ်ထပ်ဆောင် (သို့) နှစ်ထပ်ဆောင် ပြန်လည်ပြီးတော့ ချပေးဖို့တောင်းဆိုတာပါ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် နလင်ကန်အနောက် ကျေးရွာတွင် ကျောင်းဆရာတစ်ဦး ယခုနှစ်တွင် ခန့်ထားပေးသော်လည်း အဆိုပါ ကျောင်းဆရာသည် ယင်းကျေးရွာတွင် လာရောက်တာဝန်ထမ်းဆောင်ခြင်း မရှိသည့်အတွက် ၎င်း၏နေရာတွင် ဆရာတစ်ဦး ခန့်ထားပေးရန်နှင့် ကင်မွန်ခြုံကျေးရွာရှိ စာသင်ကျောင်း၌ ကျောင်းသားဦးရေနှင့် ဆရာအင်အား မမျှသည့်အတွက် ပြင်ပမှ ဘွဲ့ရပညာတတ်များအား အခကြေးငွေဖြင့် ငှားရမ်းသင်ကြားနေရသောကြောင့် ကျောင်းဆရာလိုအပ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းအဖွဲ့သည် ပြည်သူနှင့်အစိုးရ ကြားညှိနှိုင်းပေါင်းစပ် ဖြေရှင်းပေးသော အဖွဲ့ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကိုယ်စားပြုဖြစ်သည့်အတွက် လူထု၏ လိုအပ်ချက် တောင်းဆိုမှုများကို မဖြစ်မနေ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါမြို့၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက ပြောကြားသည်။

R-24



FOLLOW US