News

POST TAGGED AS

စာသင်ကျောင်း

ကျိုက်မရောတွင် စာသင်ကျောင်း ၃၆ ကျောင်း ပိတ်
မော်လမြိုင်၊ ဩဂုတ် ၆

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ဇူလိုင်လ ၂၇ ရက်နေ့မှစ၍ ကျေးရွာအများစု ရေဝင်ရောက်ခဲ့ရာ ဩဂုတ်လ ၆ ရက်အထိ အခြေခံပညာစာသင်ကျောင်း ၃၆ ကျောင်းကို ပိတ်ထားရကြောင်း မွန်ပြည်နယ် ပညာရေးဦးစီးဌာနထံမှ သိရသည်။

“ကျိုက်မရောမှာ ပိတ်ထားတဲ့ကျောင်းတွေ ရေကမကျလို့၊ ရေတင်နေလို့ အခုထိ ပြန်မဖွင့်နိုင်သေးဘူး၊ ကျိုက်မရောက အများဆုံးပဲ၊ ကျန်တဲ့ မြို့နယ်တွေကတော့ အားလုံးနီးပါးဖွင့်နေပါပြီ၊ ဘယ်နှရက် ပိတ်ထားရမလဲ ဆိုတာတော့ မပြောနိုင်ဘူး၊ နေပွင့်မယ်ဆိုရင်တော့ ရေက မြန်မြန်ကျရင် မြန်မြန်ဖွင့်နိုင်မှာပေါ့”ဟု မွန်ပြည်နယ် ပြည်နယ်ပညာရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး (စီမံ)၊ တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ကြည်က ပြောကြားသည်။

မွန်ပြည်နယ် တစ်ခုလုံးတွင် ကျောင်း ၄၄ ကျောင်း ပိတ်ထားရပြီး ကျိုက်မရောမြို့နယ်တွင် ၃၆ ကျောင်း၊ ပေါင်မြို့နယ်တွင် ၇ ကျောင်းနှင့် သထုံမြို့နယ်တွင် တစ်ကျောင်းတို့ပါဝင်ကြောင်း ပြည်နယ်ပညာရေးဦးစီးဌာန၏ စာရင်းများအရသိရသည်။

“ရေပြန်ကျသွားတဲ့ ကျောင်းတွေဆိုရင် ပျက်စီးစာရင်းတွေကို အသေးစိတ်ကောက်နေပါတယ်၊ ခြံစည်းရိုးပျက်တာတို့ တံခါးပျက်တာတို့ ပြန်ပြင်ရမယ် ကျောင်းစုစုပေါင်းက ၁၉ ကျောင်းလောက်ရှိတယ်၊ တခြားပရိဘောဂ ပျက်စီးစာရင်း အသေးစိတ်ကိုတော့ မရသေးဘူး၊ ပြုစုနေတုန်းပဲ”ဟု ဒေါ်လဲ့လဲ့ကြည်က ပြောကြားသည်။

ရေပြန်ကျ၍ ပြန်လည် ဖွင့်လှစ်ထားသည့် ကျောင်းများအတွက် သင်ထောက်ကူပစ္စည်း၊ စာအုပ်၊ ကျောင်းဝတ်စုံ စသည့် အခြားပစ္စည်းများကို ပြန်လည်ထောက်ပံ့ပေးရန် ရေဘေးမသင့်သည့် အခြားမြို့နယ်မှ ပစ္စည်းများကို စုဆောင်းနေကြောင်း၊ ပျက်စီးသော ကျောင်းဆောင်များ၊ ပရိဘောဂများစာရင်းများကိုလည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ကို တင်ပြနိုင်ရန် ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။

“လက်ရှိမှာတော့ ကျောင်းတွေ ဘယ်လိုမှ ဖွင့်လို့မရသေးဘူး၊ ဒီ ၂ ရက် အတွင်းမှာ ၁ ပေခွဲလောက်တော့ ကျသွားပြီ၊ ဒါတောင် အခုရှင်စောပုရပ်ကွက်မှာ တောင်ရေက ၄ ပေလောက် ရှိနေသေးတယ်၊ ရေကျဖို့ဆိုရင် နောက် ၁၀ ရက် လောက်ထိ ကြာဦးမယ်”ဟု ကျိုက်မရော မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ပြောကြားသည်။

ကျိုက်မရောမြို့နယ်တွင် အတ္ထရံမြစ်ရေကြီးမှုကြောင့် ကျေးရွာအုပ်စုပေါင်း ၂၃ အုပ်စုနှင့် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်တွင် ရေများဝင်ရောက်ခဲ့ရာ လူနှစ်သောင်းကျော် ရေဘေးသင့်ခဲ့ကြောင်း၊ လတ်တလောတွင် ပြည်နယ်အစိုးရက လိုအပ်သည့် ထောက်ပံ့မှုများကို ကူညီထောက်ပံ့ထားပေးကြောင်း ၎င်းက ဆိုသည်။ 

R-21



FOLLOW US