News

POST TAGGED AS

စာသင်ကျောင်း

ပဲခူးရေဘေးကြောင့် ယာယီပိတ်ထားရသော စာသင်ကျောင်း ၄၀၀ ကျော် ယနေ့ ပြန်ဖွင့်မည်
တောင်ငူ၊ ဩဂုတ် ၅

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမြို့နယ်များတွင် ရေကြီးရေလျှံမှုများကြောင့် ယာယီပိတ်ထားရသော အခြေခံပညာ စာသင်ကျောင်း ၄၀၀ ကျော်ကို ယနေ့ (ဩဂုတ်လ ၆ ရက်)မှစ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပဲခူးတိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

“ကနေ့က သန့်ရှင်းရေးတွေ လုပ်နေကြပြီ၊ ကျောင်းအားလုံးနီးပါး ဩဂုတ်လ ၆ ရက်နေ့မှာ ပြန်ဖွင့်မှာပါ”ဟု ပဲခူးတိုင်း ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင်လ၂၃ ရက်မှစ၍ ကျောက်ကြီး၊ ရွှေကျင်၊ မဒေါက်၊ ပဲခူး၊ တောင်ငူမြို့များတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်သဖြင့် အခြေခံပညာကျောင်း ၄၀၀ ကျော် ယာယီ ပိတ်ထားခဲ့ရကြောင်း၊ ဇူလိုင်လ ၃၁ ရက်က ကျောင်း ၃၀ ကျော်သာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိနေသော စာသင်ကျောင်းများကို ဩဂုတ်လ ၆ ရက်တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

ပဲခူးတိုင်း အရှေ့ခြမ်း မြို့နယ်များအတွင်း ဇူလိုင်လ နောက်ဆုံးပတ်ခန့်မှစ၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး လူ ခုနစ်သောင်းခန့် ရေဘေး ကယ်ဆယ်ရေးစခန်း ၁၅၁ ခုတွင် ခိုလှုံခဲ့ရကြောင်း၊ ဇူလိုင်လ ၂၉ရက်မှစ၍ ရွှေကျင်မြစ်ရေ၊ စစ်တောင်းမြစ်ရေနှင့် ပဲခူးမြစ်ရေများ ပြန်လည်ကျဆင်းခဲ့သည်။

ပဲခူးတိုင်း အရှေ့ခြမ်းမြို့နယ်အချို့ တောင်ငူခရိုင်နှင့် ပဲခူးခရိုင်မြို့များရှိ စစ်တောင်းမြစ်ကမ်းမြို့များသည် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့ရလေ့ရှိပြီး ယခုနှစ် မိုးရာသီကာလအတွင်း ပဲခူး၊ ရွှေကျင်နှင့် မဒေါက်မြို့များတွင် အနိမ့်ပိုင်းရပ်ကွက် ကျေးရွာများ မြစ်ရေ ဝင်နစ်မြုပ်မှုများကို ဇူလိုင်လ ဒုတိယ အပတ်ခန့်ကတည်းက ခံစားခဲ့ရခြင်းဖြစ်သည်။

R-15



FOLLOW US