News

POST TAGGED AS

စာသင်ကျောင်း

ရေကြီးရေလျှံမှုကြောင့် တနင်္သာရီတိုင်းတွင် စာသင်ကျောင်း ၆၀ နီးပါး ပိတ်ထား


ထားဝယ်၊ ဇူလိုင် ၁၈

တနင်္သာရီတိုင်း နေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားနေသဖြင့် အခြေခံပညာကျောင်း ၆၀ နီးပါးပိတ်ထားရကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးထံမှ သိရသည်။

တိုင်းပညာရေးမှူးရုံး၏ ဇူလိုင်လ ၁၈ ရက် စာရင်းအရ တိုင်းအတွင်း ကျောင်းပေါင်း ၅၇ ကျောင်းပိတ်ထားရပြီး ယင်းတို့အနက် မြိတ်ခရိုင်တွင် စာသင်ကျောင်း ၄၈ ကျောင်းပိတ်ထားရကြောင်းတိုင်း ပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ် တစ်ခုတည်းတွင်ပင် စာသင်ကျောင်း ၃၀ ပိတ်ထားရပြီး ပုလောမြို့နယ်တွင် ၁၀ ကျောင်း၊ မြိတ်မြို့နယ်တွင် ၇ ကျောင်း၊ ဘုတ်ပြင်းတွင် ၁ ကျောင်း စုစုပေါင်း ၄၈ ကျောင်းပိတ်ထား ရခြင်းဖြစ်ကြောင်း ဒေါ်မြင့်စိန်က ပြောသည်။

တနင်္သာရီမြစ်၏ စိုးရိမ်ရေမှတ်ကို ၁၇ ပေ သတ်မှတ်ထားပြီး လက်ရှိတွင် စိုးရိမ်ရေမှတ်အထက် ငါးပေကျော်ခန့်အထိ မြင့်တက်နေသည်ဟု တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် ထားဝယ်မြို့နယ်တွင် ၃ ကျောင်း၊ သရက်ချောင်းမြို့နယ်၌ ၆ ကျောင်း စုစုပေါင်း ၉ ကျောင်းပိတ်ထားရကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

အချို့ကျောင်းများမှာ ကျောင်းဝင်းထဲအထိ ရေဝင်နေသောကြောင့် ပိတ်ထားရပြီး အချို့ကျောင်းများတွင် ကျောင်းကိုသွားသည့် လမ်းတစ်လျှောက်တွင် ရေကြီးနေသောကြောင့် ကျောင်းသားများ အန္တရာယ်ကင်းစေရန် ပိတ်ထားရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ရေကျရင်တော့ အားလုံးပြန်ဖွင့်မယ်ပေါ့။ ကျောင်းပြန်ဖွင့်ပြီးရင်တော့ ပိတ်ထားတဲ့ ရက်တွေအတွက် တစ်ပတ်ကို တစ်ရက် အစားထိုးပြန်ဖွင့်ရမယ်”ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ဇူလိုင် ၁၈ ရက်မှ ၂၈ ရက်အတွင်း မိုးဆက်လက်ရွာသွန်းမည်ဖြစ်ပြီး ပုံမှန်ထက် မိုးပိုလာနိုင်ကြောင်း တိုင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

Dawei Watch



FOLLOW US