News

POST TAGGED AS

စာရာမေတိတောင်

ဝိတိုရိယတောင်ထိပ်တွင် ယင်လုံအိမ်သာများ တည်ဆောက်ပေးရန် အကြံပြု


ကလေး၊ ဇန်နဝါရီ ၂

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ နတ်မတောင် အမျိုးသားဥယျာဉ်အတွင်းရှိ ခေါနူးစုမ် (ခေါ်) ဝိတိုရိယတောင်ပေါ်တွင် ခရီးသွားဧည့်သည်များအတွက် ယင်လုံအိမ်သာများ တည်ဆောက်ပေးရန် လိုအပ်ကြောင်း မင်းတပ်မြို့နေ ဆလိုင်းကီးရှိန်းက အကြံပြုပြောကြားသည်။

ခေါနူးစုမ် (ခေါ်) ဝိတိုရိယတောင်သည် ယခုနှစ်အတွင်း ခရီးသွားဧည့်သည် အများအပြား ဝင်ရောက်လည်ပတ်ခဲ့ပြီး တောင်ပေါ်တွင် အိမ်သာမရှိ၍ တောထဲ၌ ဖြစ်သလို စွန့်ပစ်ကြရကြောင်း၊ ယင်းသို့ စွန့်ပစ်ရာတွင် တောင်ထိပ်အနီးတစ်ဝိုက်တွင် စွန့်ပစ်ကြခြင်း၊ လူအများအပြား စွန့်ပစ်ကြရာမှ တောင်ထိပ်သည် တဖြည်းဖြည်းညစ်ပတ်မှုနှင့် ကြုံတွေ့လာနိုင်ပြီး လေထုနှင့် ပတ်ဝန်းကျင်ပါ ညစ်ညမ်းလာနိုင်သည့်အတွက် အိမ်သာများ လိုအပ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီလိုကိစ္စမျိုးက ဧည့်သည်တွေဘက်က တာဝန်ယူနိုင်ကြမှာ မဟုတ်ဘူး။ အပေါ့အလေးကိစ္စဆိုတာ အခြေအနေအရ အရေးပေါ်ဖြေရှင်းကြရတာ။ ဒါကို အလွယ်တကူ ဖြေရှင်းကြတဲ့အခါ ရေရှည်မှာ တောင်ထိပ်ပေါ်က လေကောင်းလေသန့်နဲ့ အလှတရားတွေဟာ မသတီစရာ ဖြစ်လာလိမ့်မယ်”ဟု ဆလိုင်းကီးရှိန်းက ဆိုသည်။

ခေါနူးစုမ် (ခေါ်) ဝိတိုရိယတောင်ပေါ်တွင် ယင်လုံအိမ်သာ တည်ဆောက်ရန် အဓိကအခက်အခဲမှာ အမြဲမပြတ် ရေပေးနိုင်ရန်ဖြစ်ပြီး ချင်းပြည်နယ်တွင် အမြင့်ဆုံးတောင်ဖြစ်သည့် တောင်ထိပ်အနီးအနားတွင် စိမ့်စမ်းရေမရှိခြင်း၊ ရေတွင်းတူးရန်လည်း မဖြစ်နိုင်ခြင်းကြောင့် ယင်လုံအိမ်သာ မတည်ဆောက်နိုင်သေးကြောင်း နတ်မတောင် အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်က ပြောကြားသည်။

ခရီးသွားလာမှုမှာလည်း ယခုနှစ်မှစတင်၍ မျှော်လင့်မထားနိုင်လောက်အောင် ဖွံ့ဖြိုးလာခြင်းဖြစ်သည့်အတွက် ယင်းလုပ်ငန်းကို ချက်ချင်း အကောင်အထည်ဖော်ရန်မှာ အခက်အခဲရှိကြောင်း၊ ယင်လုံအိမ်သာ တည်ဆောက်ရန်မှာ ရေအမြဲမပြတ်ရရှိအောင် ဆောင်ရွက်နိုင်မှသာလျှင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

R-20




FOLLOW US