News

POST TAGGED AS

စပိန်

26-Dec-2017

စပိန်
ကတ်တလန် ရွေးကောက်ပွဲတွင် ခွဲထွက်ရေးသမားများကို စပိန်ဘုရင်ဖီးလစ် သတိပေး

မက်ဒရစ်၊ ဒီဇင်ဘာ ၂၅

တားမြစ်ထားသော ကတ်တလန်လွတ်လပ်ရေး ဆန္ဒခံယူပွဲ၏ ပြဿနာအကြွင်းအကျန်များ ရှိနေချိန်တွင် စပိန်ဘုရင်ဖီးလစ်က စည်းလုံးညီညွတ်ကြရန် ထပ်မံတိုက်တွန်းလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ထိပ်တိုက် ရင်ဆိုင်နေခြင်းထက် အတူယှဉ်တွဲနေထိုင်ရေးကို ရွေးချယ်ကြရန် စပိန်ဘုရင် ဆဋ္ဌမမြောက်ဖီးလစ်က ကတ်တလန်ပြည်သူများကို ခရစ္စမတ်သဝဏ်လွှာတွင် တိုက်တွန်းထားခြင်း ဖြစ်သည်။

သို့ရာတွင် ဘုရင်ဖီးလစ်က ကတ်တလန် ခွဲထွက်ရေးလှုပ်ရှားမှု ခေါင်းဆောင်များကို သဝဏ်လွှာတွင် တိုက်ရိုက်ရည်ညွှန်းဖော်ပြခြင်း မပြုပေ။

အောက်တိုဘာလက ခွဲထွက်ရေး ဆန္ဒခံယူပွဲကိစ္စနှင့် ပတ်သက်၍ ကတ်တလန် လွတ်လပ်ရေးလှုပ်ရှားမှု ဦးဆောင်သူများကို စပိန်ဘုရင်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးဖြစ်သည်။

စပိန်ဘုရင်၏ ထိုသို့ဝေဖန်မှုနှင့် ဆန္ဒခံယူပွဲကို အင်အားသုံးပိတ်ဆိုခဲ့သည့် စပိန်ရဲများ၏ လုပ်ရပ်ကို မှတ်ချက်မပေးမှုတို့အပေါ် ကတ်တလန်ပြည်သူအချို့က အမျက်ထွက်ခဲ့ကြသည်။

ဘုရင်ဖီးလစ်၏ ခရစ္စမတ်သဝဏ်လွှာသည် အမျိုးသား စည်းလုံးညီညွတ်ရေး အရေးကြီးကြောင်း ညွှန်ပြသည့် အခြေခံအယူအဆတွင် ပြောင်းလဲမှုမရှိသော်လည်း ပိုမိုသတိထား ပြောဆိုကာ ပြန်လည်သင့်မြတ်ရေးကို ဦးတည်ထားသည်ဟု ဘီဘီစီ သတင်းထောက်က သုံးသပ်သည်။

ယခုအပတ် ကတ်တလန်လွှတ်တော်တွင် ရွေးချယ်တင်မြှောက်ခံရသော ခွဲထွက်ရေးဝါဒီအချို့ အပါအဝင် နိုင်ငံရေးသမားများသည် အများအကျိုးအတွက် ဝတ္တရားရှိကြောင်းခံယူကာ အများယှဉ်တွဲနေထိုင်ခြင်းကို လေးစားခြင်းဖြင့် ကတ်တလန် ပြည်သူအားလုံးအပေါ် ရိုက်ခတ်နေသော ပြဿနာများကို ရင်ဆိုင်ကြရမည်ဟု ဘုရင်က ဆိုသည်။

“ဘာမှ အကျိုးမရှိဘဲသဘောကွဲ လွဲမှု၊ မရေရာမှု၊ ကန့်ကွက်မှုတွေကိုသာ ဖြစ်ပေါ်စေတယ်လို့ သိထားကြပြီးဖြစ်တဲ့ ထိပ်တိုက်ရင်ဆိုင်ရေး၊ ခွဲထွက်ရေးလမ်းကြောင်းဆီ နောက်တစ်ကြိမ် ဦးတည်ဖို့ မဖြစ်နိုင်ပါဘူး”ဟု ဘုရင်ဖီးလစ်က မက်ဒရစ်စံအိမ်မှ သဝဏ်လွှာဖတ်ကြားခဲ့သည်။

ဘုရင်ဖီးလစ်က ကတ်တလိုးနီးယားဒေသ၏ ပွင့်လင်းမှုနှင့် တီထွင်ဖန်တီးမှု စိတ်ဓာတ်ကို ချီးကျူးကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ကြာသပတေးနေ့က ရွေးကောက်ပွဲတွင် အများစုအနိုင်ရရှိကြသော ခွဲထွက်ရေး ပါတီများအစု၏ ခေါင်းဆောင်ဖြစ်သူ ကားလ်စ်ပစ်ဒီမောင့်မှာမူ စပိန်အာဏာပိုင်များ၏ ဖမ်းဆီးမှုမှ ရှောင်တိမ်းထွက်ပြေးကာ ဘရပ်ဆယ်တွင် ရှိနေဆဲဖြစ်သည်။

ခွဲထွက်ရေးခေါင်းဆောင် ပစ်ဒီမောင့်က စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်းနှင့် တွေ့ဆုံရန် တောင်းဆိုထားသော်လည်း ဝန်ကြီးချုပ်ရာဂျွိုင်းက ဤကိစ္စကို တုံ့ပြန်ရန် အစီအစဉ်မရှိကြောင်း ရှင်းလင်းစွာ အသိပေးထားသည်။           

F-04



FOLLOW US