News

POST TAGGED AS

စည်းကမ်းမဲ့

ပုဂံရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ စည်းကမ်းမဲ့ ရေဆိုးစွန့်ပစ်ပါက လိုင်စင်ပိတ်မည်
ရန်ကုန်၊ ဇန်နဝါရီ ၇

ပုဂံယဉ်ကျေးမှုဒေသရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများကို ရေဆိုးသန့်စင်စနစ်များကို စနစ်တကျ အမြန်ဆုံးတပ်ဆင်ရန်နှင့် သတ်မှတ်စည်းကမ်းအတိုင်း မလိုက်နာပါက လိုင်စင်ပိတ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

“ရေဆိုးသန့်စင်တဲ့ စနစ်တပ်ဖို့ကတော့ အချိန်ကာလ မသတ်မှတ်ထားပေမယ့် အမြန်ဆုံးတပ်ဆင်ဖို့ အကြောင်းကြားစာ ပေးပို့ထားတာပါ။ အခုနောက်ပိုင်း ခွင့်ပြုတဲ့ဟိုတယ်တွေမှာက ရေဆိုးသန့်စင်စနစ်တွေ ပါပေမယ့် အရင်တုန်းက ဟိုတယ်တွေမှာက အဲဒီစနစ်မပါဘူး” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူက ဆိုသည်။

ပုဂံယဉ်ကျေးမှုဒေသတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာအလုံးရေ ၁၄၀ ခန့်ရှိကြောင်း ယင်းတို့တွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးထားသည့် ဟိုတယ် ၈၀ ကျော်ရှိပြီး ဟိုတယ်အများစုမှာ ရေဆိုးသန့်စင်စနစ်ကို စနစ်တကျ တပ်ဆင်ထားခြင်းမရှိသေးကြောင်း ၎င်းထံက သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲရေးအဖွဲ့၊ ဒေသခံ လူမှုအဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပုဂံညောင်ဦးဒေသ စီမံခန့်ခွဲမှုကော်မတီများ၏ နိုဝင်ဘာလ ၃၀ ရက်က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး လမ်းညွှန်ချက်များအရ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (မန္တလေး) က ဒီဇင်ဘာလ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်ခြင်း ဖြစ်သည်။

“ပုဂံမှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ရေဆိုးသန့်စင်တဲ့စနစ် မရှိဘူး။ လိုက်နာကျင့်သုံးမှု အားနည်းတယ်။ ဒီအချက်တွေက သဘာဝဂေဟစနစ်ကို ထိခိုက်စေတာအပြင် HIA (ယဉ်ကျေးမှုအမွေအနှစ်အပေါ် သက်ရောက်မှု ဆန်းစစ်သည့်စနစ်) လည်း ထိခိုက်နိုင်လို့ အများသဘောနဲ့ အခုလို ထုတ်ပြန်တာပါ”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူက ဆိုသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို အဓိကဆွဲဆောင်ရာ နေရာတစ်ခုဖြစ်သည့် ပုဂံယဉ်ကျေးမှုဒေသသို့ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ ကမ္ဘာလှည့်ခရီးသွားဧည့်သည်ဦးရေ နှစ်သိန်းခြောက်သောင်းခြောက်ထောင်ကျော် ဝင်ရောက်ထားပြီး စက်တင်ဘာလမှ နိုဝင်ဘာလအထိ သုံးလအတွင်း ယခင်နှစ်ကာလတူထက် ကမ္ဘာလှည့်ခရီးသွားဦးရေ နှစ်ထောင်ခန့် ကျဆင်းနေကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာန (ပုဂံဌာနခွဲ) ၏ စာရင်းများအရ သိရသည်။

J-14



FOLLOW US