News

POST TAGGED AS

စည်းကမ်းမဲ့

05-Nov-2017

ယာဉ်စည်းကမ်း
ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ ကားရပ်ခြင်းကို အရေးယူရန် မူဝါဒရေးမည်

ရန်ကုန်၊ နိုဝင်ဘာ ၅

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းကို ထိထိရောက်ရောက် လက်တွေ့အရေးယူနိုင်ရေး မူဝါဒ ချမှတ်ဆောင်ရွက်ရန် လွှတ်တော်တွင် တင်ပြမည်ဖြစ်ကြောင်း ပန်းဘဲတန်း မြို့နယ်မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

“စည်းကမ်းမဲ့ ယာဉ်ရပ်နားတာကို အရေးယူဖို့ စနစ်တကျ ယာဉ်ရပ်နားနိုင်အောင် ကားပါကင်ကို အစိုးရက ဆောင်ရွက်ပေးရမှာ ဖြစ်တယ်။ ပြီးရင် စည်းကမ်းတကျ မရပ်တဲ့ယာဉ်ကို လက်တွေ့ အရေးယူဖို့ လိုအပ်တယ်။ ဒီအချက်ကို လွှတ်တော်မှာ တင်ပြမယ်”ဟု ၎င်းက ဆိုသည်။

လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ဗိုလ်တထောင်မြို့နယ်များတွင် စနစ်တကျ ယာဉ်ရပ်နားနိုင်ရန် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း၍ မျဉ်းဝါတား ကားပါကင်နေရာများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ စက်တင်ဘာလ ၂၀ ရက်က တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့ရာ ရန်ကုန်တိုင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆောင်ရွက်ပေးရန် အစီအစဉ် ရှိကြောင်း အတိအလင်း ဖြေကြားမှုရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“စည်းကမ်းမဲ့ ရပ်နားတာတွေနဲ့ပတ်သက်ပြီး ရပ်ကျေး ဥက္ကဋ္ဌတွေကလည်း တင်ပြတာ ရှိတယ်။ တစ်မြို့နယ် တစ်ခုချင်း ဖြေရှင်းလို့မရဘူး။ အပေါ်ကနေ တိုင်းအစိုးရက ဦးဆောင်ပြီး စည်ပင်သာယာဝန်ကြီးတို့၊ လမ်းပန်းဝန်ကြီးတို့က မူဝါဒ ချပြီး အရေးယူမှ ရမယ်။ ဒါကြောင့် လွှတ်တော်မှာ မေးတာပါ”ဟု ၎င်းကဆိုသည်။

မြို့တော်ဝန် ဖြေကြားထားသည်မှာ အတည်ပြုဖြစ်နေပြီး နောက်ပိုင်းတွင် လက်တွေ့လုပ်ဆောင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်မည်ဖြစ်ကာ ဆောင်ရွက်မှု ကြာမြင့်နေပါက ကတိကဝတ် ကော်မတီကို ဆက်လက် တင်ပြမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“မြို့တော်ဝန်က ဆောင်ရွက်နေပါတယ်ပဲ ပြောတယ်။ အချိန်ကာလ အတိအကျ မပြောဘူး။ လုပ်ဖို့လည်း အစီအစဉ် ရှိပါတယ် ပြောတယ်။ လုပ်နေပါတယ်ပေါ့။ တကယ်လုပ်ဖို့ကို တွန်းအားပေးရမှာပေါ့”ဟု ၎င်းက ဆိုသည်။

စည်းကမ်းတကျ မော်တော်ယာဉ် ရပ်နားရန် စည်ပင်သာယာ လမ်းတံတားဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည့်အပြင် လက်တွေ့ အရေးယူသင့်ကြောင်း၊ လက်ရှိ ဖမ်းဆီးစစ်ဆေးနေခြင်းများ ဆောင်ရွက်နေသည်မှာ မှန်သော်လည်း လက်တွေ့တွင် ဖမ်းဆီးခြင်းမှာ အရမ်း အားနည်းနေကာ လိုအပ်ချက်အရ ဌာနသုံးခု ပူးပေါင်းကာ ဝန်ထမ်းအင်အားတိုး ဖမ်းဆီးအရေးယူသင့်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။

ပန်းဘဲတန်းမြို့နယ်တွင် စီးပွားရေးအရ ကုန်ပစ္စည်းများ တင်ဆောင်ထားသော ပုံသေရပ်နားထားကာ နေရာယူထားသည့် ယာဉ်များရှိနေပြီး ကုန်လှောင်ရုံအဖြစ် အဆိုပါယာဉ်ကို ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းကို ထိထိရောက်ရောက် အရေးယူနိုင်ရန် မျဉ်းဝါတား ကားပါကင် ပြုလုပ်ထားရှိပြီးပါက ဆက်လက်၍ စည်းကမ်းမဲ့ ရပ်နားခြင်း ရှိ၊ မရှိနှင့် အဆိုပါ ယာဉ်များကို အရေးယူခြင်း ရှိ၊ မရှိ ဒီဇင်ဘာလတွင် ကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လူစည်ကားရာ နေရာဖြစ်သည့် ကမ်းနားလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထားလမ်း၊ ဗိုလ်ချုပ်လမ်းတို့ကို ယာဉ်မရပ်ရနေရာများ သတ်မှတ်ထားပြီး အဆိုပါနေရာတွင် စည်းကမ်းမဲ့ ရပ်နားပါက မော်တော်ယာဉ် ဥပဒေအတိုင်း အရေးယူကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး ရဲမှူး မျိုးအောင်မြင့်က ပြောကြားသည်။

“စည်းကမ်းမဲ့ ရပ်နားတဲ့ယာဉ်ကို မရပ်ရနေရာမှာရပ်တဲ့ ပြစ်မှုနဲ့ အရေးယူတယ်။ တချို့ကားတွေက ယာဉ်ထိန်းရဲ မရှိတာနဲ့ ရပ်တော့တာပဲ။ ဒါပေမဲ့ တွေ့တာနဲ့ ဖမ်းတယ်။ ခဏပဲရပ်ပြီး မောင်းထွက် သွားတာတွေလည်း ရှိတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင် ယာဉ်မရပ်ရနေရာတွင် ယာဉ်ရပ်နားပါက ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ ၆၅ အရ ဒဏ်ငွေ ကျပ် သုံးသောင်း ပေးဆောင်ရမည်ဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

J-06



FOLLOW US