News

POST TAGGED AS

စည်ပင်

30-Aug-2018

ရန်ကုန် စည်ပင်
နိုင်ငံတကာအဆင့်မီ လမ်းညွှန်ဆိုင်းဘုတ်များ ပြန်တပ်မည်
ရန်ကုန်၊ ဩဂုတ် ၂၉

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်းမကြီးများတွင် တပ်ဆင်ထားသည့် လမ်းညွှန်ဆိုင်းဘုတ်များကို နိုင်ငံတကာအဆင့်မီ လမ်းညွှန်ဆိုင်းဘုတ်များအဖြစ် ယခုနှစ်အတွင်း ပြန်လည်ပြုပြင်တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ လမ်းမကြီးများတွင် လမ်းညွှန် ဆိုင်းဘုတ်များမှာ နှစ်ကာလကြာမြင့်ပြီဖြစ်သည့် ဆိုင်းဘုတ်များနှင့် အချို့ဆိုင်းဘုတ်များမှာ ပျက်စီးယိုယွင်းနေသောကြောင့် လမ်းညွှန်ဆိုင်းဘုတ်အဟောင်းနေရာတွင် နိုင်ငံတကာအဆင့်မီ လမ်းညွှန်ဆိုင်းဘုတ်များကို တပ်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“လက်ရှိ လမ်းညွှန်ဆိုင်းဘုတ်တွေကို ပြန်လည်ပြုပြင်တပ်ဆင်ဖို့လုပ်နေပါတယ်။ ဒီနှစ်ထဲမှာ လုပ်မယ်။ လက်ရှိ တပ်ဆင်ဖို့ပြင်ဆင်နေပါတယ်” ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

လမ်းညွှန်ဆိုင်းဘုတ်များကို အင်္ဂလိပ်၊ မြန်မာဘာသာစကားပါ ဆိုင်းဘုတ်များကို တပ်သွားမည်ဖြစ်ပြီး နိုင်ငံတကာအဆင့် ဖြစ်သည့် နောက်ခံအပြာပေါ်တွင် အဖြူစာသားများ အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်အထိ တပ်ဆင်ရခြင်း မရှိသေးသည့်နေရာများတွင်လည်း လမ်းညွှန်ဆိုင်းဘုတ်များကို တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“အခုက ဆေးရောင်အပြာနဲ့ ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ်တွေမှာဆို လမ်းညွှန်ဆိုင်းဘုတ်တွေ ပြန်လည်တင်ဆင် ထားတာတွေရှိတယ်။ အခုကတော့ ဆိုင်းဘုတ် အရင်အဟောင်းတွေကို ဖြုတ်ပြီး အသစ်ပြန်တပ်မယ်ထင်တယ်” ဟု ပန်းဘဲတန်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုသည်။

လမ်းညွှန်ဆိုင်းဘုတ်များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းမကြီးများတွင် တပ်ဆင်ပေးသွားမည့်အပြင် အချို့သတိပေးဆိုင်းဘုတ်အချို့ကိုလည်း လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

J-10



FOLLOW US