News

POST TAGGED AS

စည်ပင်

22-Aug-2016

ရန်ကုန် စည်ပင်
နောက်ဖေးလမ်းကြား အမှိုက်မပစ်ရန် နေထိုင်သူအချင်းချင်း စောင့်ကြည့်ရန်လိုဟုဆို
ရန်ကုန်၊ သြဂုတ် ၂၂

ရန်ကုန်မြို့ရှိ အဆောက်အအုံများ၏ အိမ်နောက်ဖေး လမ်းကြားများအတွင်း စည်းကမ်းမဲ့ အမှိုက် မပစ်ရန် နီးစပ်ရာ နေထိုင်သူ အချင်းချင်း ပြန်လည် စောင့်ကြည့်၍ ထိန်းသိမ်းရန် လိုကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ပြောကြားသည်။

“အခုက နောက်ဖေး လမ်းကြားတွေကို အထူးကိစ္စ တစ်ရပ် အနေနဲ့ ရှင်းပေးနေတာပါ။ ဒီနောက်ဖေးထဲကို အမှိုက်ပစ်ရင် အဲဒီမှာ နေထိုင်တဲ့သူ အချင်းချင်း ဒဏ်ငွေ တပ် အရေးယူပြီး အမှိုက် မပစ်အောင် ထိန်းကျောင်းနိုင်သလို ပြဿနာ အကြီးအကျယ်တက်ရင် ဥပဒေအရ လာရောက်ဖြေရှင်း ပေးပါတယ်”ဟု ၎င်းက ဆိုသည်။

နောက်ဖေး လမ်းကြား၌ အမှိုက်ပစ်ခြင်းသည် တရားဝင် အမှိုက်စွန့်ပစ်ခွင့် မရှိသည့်အပြင် စွန့်ပစ်ရန် သတ်မှတ်ထားသည့်နေရာ မဟုတ်သောကြောင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ဥပဒေအရ အရေးယူနိုင်ပြီး စည်းကမ်းမဲ့ အမှိုက်မပစ်ရန် ရပ်ကွက်တွင်း နေထိုင်သူများ အားလုံးနှင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စောင့်ကြပ် ကြည့်ရှုရန် လိုအပ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ရန်ကုန်မြို့၏ အချက်အချာကျသည့် အဓိက မြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်နှင့် ပုဇွန်တောင် စသည့် မြို့နယ်များတွင် အမှိုက်သန့်ရှင်းရေး စီမံချက်ဖြင့် တစ်မြို့နယ်လျှင် ရက် ၂ဝ ခန့်မှ တစ်လခန့် အချိန်ယူ၍ နောက်ဖေးလမ်းကြား အမှိုက်ရှင်းခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

“လက်ရှိတော့ အမှိုက်ရှင်းပြီး သွားရင် နောက်ဖေးလမ်းကြားတွေထဲကို စည်းကမ်းမဲ့ အမှိုက် မချဖို့ ရပ်ကွက်ထဲက နေထိုင်သူတွေကို ပညာပေး စည်းရုံးတာတွေ အရင် လုပ်ရမယ်။ နောက်ပိုင်းကျရင်တော့ CCTV ကင်မရာတွေ တပ်ပြီး စောင့်ဖမ်းပြီး အရေးယူသွားဖို့ မြို့နယ်စည်ပင်နဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု လမ်းမတော်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးဟန်တင်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ရန်ကုန်မြို့၏ အချက်အချာကျသော မြို့လယ် ခြောက်မြို့နယ်၏ အမှိုက်သန့်ရှင်းရေး စီမံချက်ကို သြဂုတ်လ ၁၅ ရက်တွင် လမ်းမတော်မြို့နယ်မှ စတင်ခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနထံမှ သိရသည်။    



FOLLOW US