News

POST TAGGED AS

စည်ပင်သာယာရေး

နောက်ဖေးလမ်းကြား ပန်းဥယျာဉ်တွင်းရှိ လက်ဖက်ရည်ဆိုင်ကို စည်ပင်က တရားစွဲ
ရန်ကုန်၊ ဇူလိုင် ၇

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဇူလိုင်လ ၂ ရက်နေ့က ဖွင့်လှစ်ပေးခဲ့သည့် နောက်ဖေးလမ်းကြား ပန်းဥယျာဉ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် လက်ဖက်ရည်ဆိုင်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) က တရားစွဲထားကြောင်း ပန်းပဲတန်းမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး အုပ်ချုပ်ရေးမှူး ဦးလင်းဇော်ကိုက The Voice သို့ ပြောကြားသည်။ 

ပန်းပဲတန်းမြို့နယ် ၃၁ လမ်း နောက်ဖေးလမ်းကြား ပန်းဥယျာဉ်ထဲတွင်  လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ရောင်းချနေသည့်ပုံများ လူမှုကွန်ရက် Facebook  တွင် ပျံ့နှံခဲ့ပြီး နောက်တစ်ရက်တွင် အဆိုပါဆိုင်ကို ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ  ၆၈ အရ YCDC က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ 
“ဒီနေ့မနက်ပဲ စွဲလိုက်တာပါ။ လသာတရာရုံးမှာ စွဲထားတာပါ။ အခု ဒဏ်ကြေးတောင် ဆောင်ခိုင်းထားပြီးပြီ။ ကျွန်တော်တို့ တရားစွဲလိုက်တော့ ဆိုင်တောင် ဖျက်သိမ်းလိုက်ပါပြီ” ဟု  ၎င်းက ဆိုသည်။

လသာမြို့နယ် တရားရုံးက ဒဏ်ကြေး ကျပ်သုံးသောင်း ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပြီး ဈေးဆိုင်ပိတ်သိမ်းလိုက်ပြီဟု ဦးလင်းဇော်ကိုက ပြောကြားသည်။

“ကိုမောင်စိုး ၁၄ နှစ်သားထဲက ဖွင့်ထားတာ” နောက်ဖေးလမ်းကြား ပန်းဥယျာဉ်ထဲရှိ လက်ဖက်ရည်ဆိုင်မှာ  လွန်ခဲ့သည့် နှစ် ၄၀ ကျော်ကတည်းက ဖွင့်လှစ်ထားခဲ့ခြင်း ဖြစ်ကြောင်း အသက်  ၄၄ နှစ် အရွယ်ရှိ ဆိုင်ပိုင်ရှင် ဒေါ်သူသူက  The Voice သို့ ပြောကြားသည်။

ဆိုင်ပိုင်ရှင်ေ ဒ်ါသူသူ၏ ခင်ပွန်းမှာ ယခုအခါ အသက် ၅၈ နှစ် ရှိပြီ ဖြစ်သည်။

လက်ဖက်ရည်အပြင် ထမင်းနှင့် ဟင်းများပါ ရောင်းချသည့် အဆိုပါဆိုင်သည် မပိတ်သိမ်းမီ နံနက်က  နောက်ဖေးလမ်းကြား ပန်းဥယျာဉ် နံရံရှိ ပန်းချီများကို မထိခိုက်ရန် ပလက်စတစ်အကြည်များ ကာရံထားသည်ကို တွေ့ရှိရသည်။ 

“ဆိုင်ရှိတာ အနှောင့်အယှက် မရှိဘူး။ လူဝင်လာရင် လူကောင်းလား လူဆိုးလား ကြည့်လို့ရတယ်။ တံခါးပိတ်ထားရင် ခိုးလုယက်တွေက လုံခြုံရေးက သိမ်မကောင်းတဲ့ အတွက်ကြောင့် သိပ်မကြည့်နိုင်ဘူး။ သူတို့ကျတော့ လူဝင်လူထွက် ကြည့်နိုင်တယ်။ အားလုံးအတွက် အဆင်ပြေတယ်” ဟု လက်ဖက်ရည်ဆိုင်အနီး ၃၁ လမ်း မြေညီထပ်တွင် နေထိုင်သည့် ဒေါ်ပပက ပြောကြားသည်။

ပန်းဘဲတန်းမြို့နယ်အတွင်း  နောက်ဖေးလမ်းကြားများ၌ ကျူးကျော်ရောင်းချသည့် ဈေးဆိုင်များကို စည်ပင်သာယာက တရားဆွဲဆိုမှုမှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် တွင် ၁၅ မှု ရှိခဲ့သည်ဟု ဦးလင်းဇော်ကိုက ရှင်းပြသည်။

ပို့ပို့



FOLLOW US