News

POST TAGGED AS

စည်ပင်သာယာရေး

စည်ပင်သာယာ ရွေးကောက်ပွဲများ မကျင်းပသည့်အပေါ် အရပ်ဘက် အဖွဲ့အစည်းများ ဝေဖန်

ရန်ကုန်၊ ဧပြီ ၂၉

လက်ရှိ အစိုးရ လက်ထက်တွင် စည်ပင်သာယာ ရွေးကောက်ပွဲများ ကျင်းပမှု အားနည်းသည့်အပေါ် အရပ်ဘက် အဖွဲ့အစည်းများက ဝေဖန်ပြောကြားခဲ့သည်။

ဧပြီလ ၂၉ ရက်နေ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သော စည်ပင် သာယာရေး ကော်မတီများ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ၊ ဥပဒေနှင့် မူဝါဒများအပေါ် အရပ်ဘက် အဖွဲ့အစည်းများ သုံးသပ်ခြင်း အစည်းအဝေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိ အစိုးရသစ်သည် စည်ပင်သာယာ ရွေးကောက်ပွဲများ ကျင်းပမှုနှင့်ပတ်သက်ပြီး တာဝန်ယူမှု အားနည်းနေသေးကြောင်း လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဖြစ်သူ Yangon Watch (ရန်ကုန် စောင့်ကြည့်ရေးအဖွဲ့) မှ ဒေါ်ညိုညိုသင်းက ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

စည်ပင်သာယာရေး ရွေးကောက်ပွဲများသည် ယခင်အစိုးရ လက်ထက်ကလည်း တာဝန်ယူမှု နည်းပါးခဲ့ခြင်းဖြစ်ပြီး လက်ရှိအစိုးရသစ် လက်ထက်တွင် စည်ပင်သာယာရေး ရွေးကောက်ပွဲကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် မျှော်လင့်ခဲ့ကြပြီး တိုးတက်မှု အားနည်းနေသေးကြောင်း ဒေါ်ညိုညိုသင်းက ဆိုသည်။

“စည်ပင်သာယာ အုပ်ချုပ်ရေးဆိုတာက ပြည်သူပါဝင်တဲ့ အုပ်ချုပ်ရေး။ ဖွဲ့စည်းပုံက သူ့ကိုဘာမှ တားဆီးထားတာ မရှိဘူး။ တကယ်လို့ အစိုးရသစ်က ပြည်သူလူထု ကိုယ်တိုင်ပါဝင်တဲ့ အုပ်ချုပ်ရေး စနစ်တစ်ရပ်ကို အကောင်အထည် ဖော်ချင်တဲ့ဆန္ဒရှိရင် စည်ပင်သာယာရေး ရွေးကောက်ပွဲတွေကို မဖြစ်မနေ ကျင်းပပေးရမှာ ဖြစ်တယ်။ အထူးသဖြင့် ရန်ကုန်လို မန္တလေးလို နေပြည်တော်လိုမျိုး နေရာတွေမှာ ရွေးကောက်ပွဲတွေကို မဖြစ်မနေ ကျင်းပပေးဖို့ တာဝန်ရှိတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိအစိုးရသစ်လက်ထက် တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် စည်ပင်ရွေးကောက်ပွဲများကို မန္တလေးတိုင်းနှင့် ချင်းပြည်နယ်တွင်သာ ကျင်းပပေးခဲ့ပြီး အခြားသော နေရာများတွင် ရွေးကောက်ပွဲအစား ရွေးချယ်ပွဲများကိုသာ ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းတွင် စည်ပင် ရွေးကောက်ပွဲ မကျင်းပနိုင်သည်မှာ တစ်နှစ်ကျော် ကြာနေပြီဖြစ်ပြီး စည်ပင်ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေများကို ပြင်ဆင်ပေးရန် အရပ်ဘက် အဖွဲ့အစည်း ၃၀ ကျော်က ပြီးခဲ့သည့် ဒီဇင်ဘာအတွင်း တောင်းဆိုခဲ့ကြသည်။

လက်ရှိအစိုးရသစ်လက်ထက် တိုင်း ဒေသကြီးနှင့် ပြည်နယ်အချို့တွင် စည်ပင် သာယာရေး လုပ်ငန်းများသည် ပွင့်လင်း မြင်သာမှု ရှိလာသော်လည်း အများစုမှာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုအပိုင်းတွင် အားနည်းလျက် ရှိနေသေးကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ဝေဖန်ကြသည်။

ထို့ပြင် ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အရပ်ဘက် အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုကို ကြိုဆိုမှုများ ရှိခဲ့သော်လည်း မကြာမီ ကျင်းပမည့် ပဲခူးတိုင်း၏ ရွေးကောက်ပွဲ နည်းဥပဒေတွင် အရပ်ဘက် အဖွဲ့အစည်းများ၏ ပါဝင်မှုကို ဖယ်ထုတ်ထားသည်ဟု ဒါနရှေ့ဆောင် မြန်မာမှ ကိုမြတ်မင်းဦးက ထောက်ပြသည်။

စည်ပင်သာယာရေး ကော်မတီများ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာအတွက် ပထမအကြိမ် အရပ်ဘက် အဖွဲ့အစည်းများ စတင် စုစည်းချိတ်ဆက်ခြင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင် ၂ ရက်ကြာ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး အဆိုပါဆွေးနွေးပွဲသို့ တိုင်းနှင့် ပြည်နယ် အသီးသီးမှ  စည်ပင်သာယာရေး ကိစ္စရပ်များကို ဆောင်ရွက်နေသည့် အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၀ဝ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲမှတစ်ဆင့် သိရသည်။

ယင်းဆွေးနွေးပွဲ ရလဒ်များကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ စည်ပင်သာယာရေး ကော်မတီများ၊ လွှတ်တော်များသို့ တင်ပြပေးပို့ပြီး အကောင်အထည် ဖော်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ အရပ်ဘက် အဖွဲ့အစည်းများထံမှ သိရသည်။

J-09



FOLLOW US