News

POST TAGGED AS

စည်ပင်သာယာရေး

လူအသစ်၊ မူအသစ်နှင့် မန်းစည်ပင်
“အပြောင်းအလဲဖြစ်မယ် မဟုတ်ဘူး။ ဖြစ်အောင်လုပ်မယ်”

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ အတွင်းရေးမှူးအဖြစ် တိုင်းဒေသကြီးအစိုးရက တိုက်ရိုက်ခန့်အပ်ခဲ့သည့် ဦးအောင်ကျော်ထွန်း၏ ကြွေးကြော်စကားဖြစ်သည်။

ထို့အတူ အသစ်ခန့်အပ်ခံရသည့် မန်းစည်ပင်ကော်မတီဝင်တို့ကလည်း မန္တလေးမြို့တော်ကို အပြောင်းအလဲဖြစ်အောင် လုပ်ဆောင်မည်ဟု ပြောဆိုကြသည်။ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်ကလည်း ၂ နှစ်အတွင်း မန္တလေးမြို့ ပုံပြောင်းသွားသည်အထိ တိုးတက်လာစေရန် လုပ်ဆောင်မည်ဟု ဆိုခဲ့သည်။ လူအသစ်၊ မူအသစ်နှင့် မန်းစည်ပင် အမှန်တကယ် ပြောင်းလဲနိုင်မည်လော။ 

“ကျွန်တော်ကတော့ Public Transportation ဒီထက် ပိုကောင်းစေချင်တယ်။ ရေမြောင်းစနစ်လည်း ကောင်းစေချင်တယ်၊ မိုးရွာတိုင်း ရေလျှံတာမျိုး မဖြစ်အောင် ဘယ်လို လုပ်ပေးမလဲပေါ့”ဟု မန္တလေးဒေသခံဖြစ်သည့် အထက်ဗမာ နိုင်ငံစာရေးဆရာအသင်း အတွင်းရေးမှူး ဦးသန်းနိုင်ဦးက မျှော်လင့်စကား ဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာစေရန်အတွက် Future Plan များစွာ စီစဉ်ရမည်ဖြစ်ကြောင်း၊ ပထမဦးဆုံးအဖြစ် ရေဆိုးရေမြောင်းများ ကောင်းမွန်မှု မရှိသည့်အတွက် ပြုပြင်ရမည်ဖြစ်ကြောင်း  မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်က စည်ပင်သာယာရေး ၀န်ကြီးအဖြစ် ရွေးချယ်ခံရပြီး မကြာမီ ပြောဆိုခဲ့သည်။

“လက်ရှိမှာတော့ ရေမြောင်းတွေ လိုက်လံ ရှင်းလင်းနေတာ ရှိပါတယ်။ ရေဆိုးမြောင်းတွေ၊ အိမ်ရှေ့က ရေမြောင်းတွေ ပိတ်ဆို့နေတာတွေ ဖယ်ရှား ရှင်းလင်းတာ ရှိတယ်။ ဒါကတော့ ကောင်းတယ်ပေါ့။  မြို့သန့်ရှင်းသလို ကျန်းမာရေး ရှုထောင့်အတွက်ကနေလည်း ကောင်းမွန်တာပဲ။ စည်ပင်က ဒီလို ပြောင်းလဲရင် ပြည်သူတွေကလည်း လိုက်ပြောင်းလဲဖို့ လိုတယ်”ဟု လမ်း ၃၀ ပေါ်တွင် ဆေးဆိုင် ဖွင့်လှစ်ထားသူ အမျိုးသား တစ်ဦးက သူ့အမြင်ကို ပြောဆိုသည်။ 

မြို့တော်ကို ပဲ့ကိုင်မည့် စည်ပင်သာယာရေး ကော်မတီဝင် အသစ်များကို ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၆ ရက်နေ့တွင် ခန့်အပ်ခဲ့သည်။ စုစုပေါင်း ၁၁ ဦး ဖြစ်သည်။ တိုင်းဒေသကြီး အစိုးရက တိုက်ရိုက် ခန့်အပ်သည့် ကော်မတီဝင် ငါးဦးဖြစ်ပြီး ထိုအထဲမှ တစ်ဦးမှာ အတွင်းရေးမှူး ဖြစ်သည်။

မန္တလေးမြို့တော် စည်ပင်နယ်နိမိတ်အတွင်း မြို့နယ် ခြောက်မြို့နယ်မှ ရွေးကောက်ပွဲဖြင့် တက်လာသူ ခြောက်ဦးအတွင်းမှ တစ်ဦးကို ဒုတိယ မြို့တော်ဝန်အဖြစ် ခန့်အပ်ရသည်။ ဒုတိယမြို့တော်ဝန်အဖြစ် အမရပူရမြို့နယ် ကိုယ်စားပြု ကော်မတီဝင် ဦးရဲမွန်ကို အခြား ကော်မတီဝင်တို့က မဲစနစ်ဖြင့် ရွေးချယ်ပေးခဲ့သည်။ 

“ကျွန်တော်တို့ မန္တလေးမြို့တော်ကို ပြောင်းလဲအောင် ဆိုတာက စည်ပင်သာယာကော်မတီ တစ်ခုတည်းသာ လုပ်ဆောင်လို့ မရပါဘူး။ မန္တလေးမြို့တော်နေ မြို့တော်သူ မြို့တော်သားများရဲ့ ပူးပေါင်း ဆောင်ရွက်မှုလည်း လိုပါတယ်။ မြို့တော်သူ မြို့တော်သားတွေကလည်း ပူးပေါင်းဆောင်ရွက်မယ်။ ကျွန်တော်တို့ စည်ပင်ကလည်း မြို့တော်သူ မြို့တော်သားများ ယုံကြည် အားကိုးထိုက်လောက်တဲ့ ကော်မတီဖြစ်အောင် ပြုပြင် ပြောင်းလဲ ဆောင်ရွက်မယ်ဆိုရင် မန္တလေးမြို့တော်က အလျင်အမြန် တိုးတက်ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်”ဟု ဦးရဲမွန်က The Voice နှင့် အင်တာဗျူးတွင် ပြောကြားသည်။ 

ကော်မတီဝင်တို့၏ သက်တမ်းမှာ အစိုးရ သက်တမ်းနှင့် အတူတူဖြစ်ပြီး ယုံကြည် စိတ်ချရသူများ၊ လုပ်ကိုင်လိုစိတ်ရှိသူများကို ရွေးချယ် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့တော်ဝန် ဒေါက်တာရဲလွင်က ဆိုသည်။ ယင်းက အစိုးရမှ တိုက်ရိုက် ခန့်အပ်ခဲ့သူများကို ရည်ညွှန်းခြင်းဖြစ်ပြီး အတူလက်တွဲ လုပ်ဆောင်ရမည်ဖြစ်၍ သေချာစိစစ်ခဲ့သည်ဟု ပြောသည်။ 

ကော်မတီဝင် ရွေးကောက်ပွဲတုန်းက တစ်မြို့လုံး စိတ်ဝင်စားမှု ရှိခဲ့သကဲ့သို့ ခန့်အပ်မည့်သူများကိုလည်း စိတ်ဝင်တစား ထင်ကြေးပေးခဲ့မှုများ ရှိကြောင်း၊ အဘယ့်ကြောင့် စိတ်ဝင်စားသနည်းဆိုလျှင် မန္တလေးမြို့တော် ဖွံ့ဖြိုးသာယာရေးအတွက် ဆောင်ရွက်ပေးကြမည့် ကော်မတီဝင်များ ဖြစ်သည့်အတွက် စိတ်ဝင်စားကြခြင်းဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က  ကော်မတီဝင်များ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ပြောဆိုခဲ့သည်။ 

“ရွေးကောက်ခံ ခြောက်ဦး ရှိပါတယ်။ ခန့်အပ်တာ ငါးဦး ရှိပါတယ်။ ခန့်အပ်တာ နည်းနည်းလေး ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ၀န်ကြီးချုပ်က ခန့်အပ်တယ်ပေါ့နော်။ ၀န်ကြီးချုပ် မဟုတ်ပါဘူး။  အစိုးရအဖွဲ့က ခန့်အပ်တာ ဖြစ်ပါတယ်။ ဒီလို ခန့်အပ်နိုင်ဖို့အတွက် ကျွန်တော်တို့ အစည်းအဝေးတွေ ထိုင်ပါတယ်။ ပြောရရင် တိုင်းဒေသကြီး အစိုးရအဖွဲ့က ရွေးချယ်တာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။ 

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ယခင်က ခန့်အပ်ခဲ့ သည့် ကော်မတီဝင်တို့မှာ အလွန်းသင့်ရာကိုသာ ခေါ်ယူ ခန့်ထားသည်ဟု ဆိုရမည့် တပ်မတော်သား အငြိမ်းစားများကို တာဝန် ပေးထားခြင်း ဖြစ်သည်။ မြို့တော်ဝန်၊ ကော်မတီဝင် သုံးဦး၊ ဌာနမှူးတို့ဖြင့် စီမံခန့်ခွဲနေရာမှ မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပိုမို လုပ်ဆောင်နိုင်စေရန်အတွက် ၂၀၁၅ ခုနှစ်တွင် မြို့နယ် ခြောက်မြို့နယ်မှ ပြည်သူ့ကိုယ်စားလှယ် ကော်မတီဝင်များကို စတင် ခန့်အပ်ခဲ့ကြောင်း ကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ 

ကော်မတီဝင်များ ခန့်အပ်ပြီး တစ်ပတ်ခန့်အကြာ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ခန့်အပ်ကော်မတီဝင်များထဲမှ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်းကို မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ ကော်မတီဝင် ဒေါ်မြင့်မြင့်သန်းကို ရေနှင့် သန့်ရှင်းမှုဌာန၊ ကော်မတီဝင် ဒေါက်တာ သစ်ဆင်းကို သန့်ရှင်းရေးဌာန၊ ကော်မတီဝင် ဦးကျော်ဆန်းမြင့်ကို ဈေးနှင့်သားသတ်ဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန၊ ကော်မတီဝင် ဦးရဲမြတ်သူကို လမ်းတံတား ဌာနနှင့် ကွန်ပျူတာဌာန (စီမံရေးရာ ဌာန) အဖြစ် တာဝန်များ ပေးအပ်ခဲ့သည်။

ထို့အတူ ရွေးကောက် တင်မြှောက်ခံ ကော်မတီဝင်များထဲမှ ဦးခိုင်မြင့် (ခ) ဦးမောင်မောင်ကို အဆောက်အအုံနှင့် ကုန်ရုံဌာန၊ ဦးကျော်ဇေယျကို စက်ရုံနှင့် မော်တော်ယာဉ်ဌာန၊ ဦးကျော်ဇောအောင်ကို အခွန်ဌာန၊ ဦးဇော်မျိုးလွင် (ခ) ကိုမိုးကို စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာန၊ ဦးစောဟန်ကို ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာန၊ ဦးရဲမွန်ကို စစ်ဆေးရေးဌာန စသည်ဖြင့် အသီးသီး ခန့်အပ်ခဲ့သည်။ 

မန္တလေးမြို့တော် စည်ပင်ကော်မတီ လက်အောက်ရှိ ဌာနများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနကို မထားသင့်တော့ကြောင်း၊ ၀န်ထမ်းများပြီး ပြည်သူအကျိုးပြုမှု နည်းပါးသည့်အပြင် မြေယာများ ပျက်စီး ဆုံးရှုံးမှုများသည့် နေရာဖြစ်ကြောင်း မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် ဦးခင်မောင်ထွန်းက စည်ပင်ဌာနခွဲများနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုသည်။ 

ယခင်က မန်းစည်ပင်ကော်မတီတွင် တပ်မတော်သား အများစုသာ ကြီးစိုးနေရာမှ ၂၀၁၅ ခုနှစ်မှစတင်ကာ ပြည်သူ့ ကိုယ်စားလှယ်များအဖြစ် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ မြို့နယ် ခြောက်ခုတွင် ကော်မတီဝင် ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပြီး တစ်ဦးစီ  ရွေးချယ်ခဲ့သည်။ ရည်ရွယ်ချက်က ပြည်သူလူထုအကျိုး ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် ဖြစ်သည်။ 

“ရွေးကောက်ခံ ကိုယ်စားလှယ်တွေခန့်တဲ့ အကျိုးဆက်ကို ပြည်သူတွေ ခံစားခွင့် ရှိရမှာပေါ့။ ပြည်သူသည်သာ အခရာလို့ ဆိုထားတာကိုး။ အနည်းဆုံး ပြည်သူ့လိုအပ်ချက်တွေ ဖော်ဆောင်ပေးဖို့ တာဝန်ရှိသွားပြီလေ”ဟု စာရေးဆရာ ဦးသန်းနိုင်ဦးက ဆိုသည်။ 

အပြောင်းအလဲ ဖြစ်အောင်လုပ်ဆောင်မည် ဖြစ်သော်လည်း ကော်မတီတစ်ခုတည်းက လုပ်ဆောင်၍မရဟု ကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။ 

“ကော်မတီက စည်းကမ်းတကျနဲ့ အများလက်ခံအောင် လုပ်ပေမယ့်လည်း ပြည်သူကလည်း ပူးပေါင်း ပါဝင်ဖို့ လိုပါလိမ့်မယ်။ အခု အများအမြင်ပဲ၊ လမ်းပေါ်မှာ စည်းမဲ့ကမ်းမဲ့ အပြင်မထွက်နဲ့ ထွက်တယ်။ အမှိုက်တွေ မပစ်နဲ့ ပစ်တယ်။ အရေးယူတော့ စည်ပင်ကို အပြစ် ပြောတယ်။ ပြည်သူလည်း ပူးပေါင်း ပါဝင်ဖို့ လိုပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ဦးအောင်ကျော်ထွန်း၏ စကားအတိုင်းပင် ပြည်သူများဘက်မှလည်း ပူးပေါင်း ဆောင်ရွက်ရန် တာဝန်ရှိသည်ဟု ဦးသန်းနိုင်ဦးက ပြောဆိုသည်။ 

“ဥပမာ - အခွန်ထမ်းတာမျိုးလောက်ပဲ မဟုတ်ဘဲ မန်းစည်ပင်က အလုပ် မလုပ်ခဲ့ရင်၊ ခွင်ဖန်ခဲ့ရင် ထိထိရောက်ရောက် တိုင်ကြားကြရုံပေါ့။ ကျွန်တော်ကတော့ အဲလိုပဲမြင်တယ်”ဟု ၎င်းက မည်သို့ ပူးပေါင်းရမည်ကို ပြောဆိုသည်။ 

လက်ရှိ မန္တလေး စည်ပင်ကော်မတီ၏ သိသာသည့် အပြောင်းအလဲတစ်ခုက သင်္ကြန်ပွဲတော်နှင့် ပတ်သက်၍ ဖြစ်သည်။ သင်္ကြန်ပွဲတော်ကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဦးဆောင်၍ ကျင်းပနေပြီး နှစ်စဉ်ဘဏ္ဍာငွေ ကျပ်သိန်း ထောင်ချီ၍ ကုန်ကျမှုများ ရှိနေသဖြင့် မြို့ခံတို့၏ ဝေဖန်ခြင်းကိုလည်း ခံခဲ့ရသည်။ 

မန္တလေး နန်းမြို့ရိုး (ကျုံး) ကို နောက်ကျောပြုပြီး ကြော်ငြာနှင့် ခေတ်ပေါ် ဖျော်ဖြေရေး မဏ္ဍပ်ကြီးငယ်တို့ကို ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ဟိုးယခင်ကဲ့သို့ နန်းမူ နန်းနွယ် သင်္ကြန် မဟုတ်တော့ဘဲ စီးပွားရေး တစ်ခုအသွင် ဆောင်လာသည့် သင်္ကြန်၊ တစ်နည်းဆိုရသော် ရေဖြုန်း၊ ငွေဖြုန်းသည့် သင်္ကြန်အဖြစ် ဆယ်စုနှစ် တစ်ခုစာမျှ ကြာမြင့်နေခြင်းကို ဒေသခံတို့က ထောက်ပြ ပြောဆိုခဲ့ကြသည်။ 

ကော်မတီဝင် အသစ်များ တက်လာပြီး ရက်ပိုင်းအတွင်း ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထိုသင်္ကြန်ကို ရေမဖြုန်း၊ ငွေမဖြုန်းသည့် သင်္ကြန်၊ မြန်မာဆန်သော သင်္ကြန်အဖြစ် ဖော်ဆောင်မည်ဟု ကြေညာလိုက်ကြခြင်းက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအတွက် လူထု၏ အမှတ်ပေး လုပ်ဆောင်ခြင်းတစ်ခု ဖြစ်သည်။ 

သို့သော် အခြားအကြောင်းအရာ များလည်း ကျန်သေးသည်။ 

“အများပြည်သူ စိတ်လက် အပန်းပြေအောင် စာအုပ်ဈေးတန်းနဲ့ ညဈေး ဘယ်လို ဖော်ဆောင်ကြမလဲ။ လူအများ ၀င်ထွက်သွားလာဖို့ လွယ်တဲ့နေရာမှာ ဖွင့်စေချင်တယ်။ အဲဒါလေးတွေ တောင်းဆိုချင်တယ်။ လက်ရှိ မန်းစည်ပင်က လူတွေက မြို့အကြောင်း အူမချေးခါးမကျန် သိသူတွေဆိုတော့ ဖော်ဆောင်မယ်လို့ ယုံပါတယ်”ဟု စာရေးဆရာ ဦးသန်းနိုင်ဦးက မန္တလေးလူထုကိုယ်စား ပြောဆိုသည်။ 

လက်ရှိ မန်းစည်ပင်တွင်ရှိသည့် စည်းမျဉ်း ဥပဒေများမှာ ၁၉၇၄ ခုနှစ်ခန့်ကတည်းက ရေးဆွဲထားသည် ဖြစ်၍ နှစ်ကာလ ကြာနေပြီဖြစ်ကြောင်း၊ လက်ရှိ ၂၀၁၄ ဥပဒေဖြင့် လိုက်လျောညီထွေမှု မရှိသလို ပြည်သူအကျိုးပြု လုပ်ငန်းအတွက်လည်း အဆင်မပြေဖြစ်နေကြောင်း ဥပဒေပညာရှင် ဖြစ်သည့် စည်ပင် အတွင်းရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။ 

“မြို့တော်ဝန်ကြီးကတော့ နည်းဥပဒေ၊ By Law တွေကို အသစ်ပြန်ဆွဲဖို့ ပြောထားတယ်။ အဲဒါ ပထမ ဦးစားပေး လုပ်ရမယ်ထင်တယ်”ဟု ၎င်းက ဆိုသည်။ 

လက်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် အားနည်းချက်၊ ယိုကွက်၊ ဟာကွက်များ ရှိနေပြီး ၎င်းတို့ကို ပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မည်သည်ကို ဆောင်ရွက်သည်ဖြစ်စေ အစိုးရအဖွဲ့၏ သဘောတူညီချက် လိုအပ်ပြီး ယင်းမှာ ထိန်းချုပ်လိုခြင်း  မဟုတ်ဘဲ ညှိနှိုင်း လုပ်ဆောင်သည်ကို ပေါ်လွင်စေလို၍ဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ကော်မတီဝင်များသို့ မှာကြားခဲ့သည်။ 

ထို့ပြင် စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေး တွေ့ရှိချက်များကိုလည်း ကော်မတီဝင် အသစ်များသို့ ကောက်နုတ် ပြောဆိုခဲ့သည်။ အသေးစိတ်ကိုမူ ကော်မတီဝင်များသို့ ဖြန့်ဝေပေးမည် ဖြစ်သော်လည်း လျှို့ဝှက်ဖြစ်၍ မီဒီယာများသို့ ပြောဆိုခြင်း မရှိခဲ့ပေ။ သို့သော် ဖတ်ကြားသွားသလောက်မူ စည်ပင်၏ဖွဲ့စည်းပုံနှင့် ဘဏ္ဍာရေး စည်းမျဉ်း မကျမှုတို့ကို တွေ့ရှိရသည်။ 

ဥပမာဆိုရလျှင် မန်းစည်ပင် ကော်မတီ လက်အောက်ရှိ ဌာနခွဲ ၁၄ ခုတွင် ဖွဲ့စည်းပုံအရ ခွင့်ပြုအင်အားမှာ  ၄၄၆၄ ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ခန့်ထားအင်အားမှာ အမြဲတမ်းဝန်ထမ်း ၁၉၀၇ ဦး၊ လစ်လပ်အင်အား ၂၅၅၇ ဦးဖြစ်ကြောင်း၊ လက်ရှိတွင် အမြဲတမ်းဝန်ထမ်း ၁၉၀၇ ဦးနှင့် နေ့စားဝန်ထမ်း ၄၅၂၇ ဦး၊ စုစုပေါင်း ၆၄၃၄ ဦးဖြစ်သဖြင့် ၁၉၇၀ ဦး ပိုမိုနေကာ လုပ်ခ လစာ ပိုမိုကုန်ကျနေကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုသည်။ 

ယင်းကဲ့သို့ စည်ပင်၏ ယိုကွက် ဟာကွက်များကို ဖြည့်ဆည်းရန်အတွက် ကော်မတီဝင် အသစ်များတွင် တာဝန်ရှိပြီး စေတနာ၊ ရိုးသားခြင်း၊ ကိုယ့်ကိုယ်ကိုယ် စောင့်ထိန်းရင်းဖြင့် ဆင်ခြင်တုံ တရားနှင့် ရပ်ကျိုးရွာကျိုး တိုင်းပြည်အကျိုးကို လုပ်ဆောင်မည်ဆိုလျှင် အောင်မြင်ရမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။ 

“ဒါက တကယ့်ပကတိ၊ မန္တလေး စည်ပင်ရဲ့ အရှိတရားတွေကို ကျွန်တော် ဖော်ထုတ်ထားတာပါ။ ဒီဟာတွေ ဖော်ထုတ်ထားတာ အားလုံးမှာ တာဝန်ရှိတယ်။ ခင်ဗျားတို့ စည်ပင်ကော်မတီဝင်တွေမှ မဟုတ်ဘူး။ စည်ပင်ဝန်ထမ်းတွေမှာ တာဝန်ရှိသလို တိုင်းဒေသကြီးမှာလည်း ပဲ့ပြင်ထိန်းကျောင်းဖို့ တာဝန်ရှိပါတယ်”ဟု ဒေါက်တာ ဇော်မြင့်မောင်က ဆိုသည်။ 

လက်ရှိ မြို့တော်ဝန်နှင့် ကော်မတီဝင်တို့သည် မြို့လူထုအတွက် အလုပ် ပိုလုပ်မည်ဟု မျှော်လင့်ပြီး နယ်ပယ်စုံမှ ပညာရှင်များဖြစ်၍ ပို၍ မျှော်လင့်မိကြောင်း စာရေးဆရာ ဦးသန်းနိုင်ဦးက ပြောသည်။ 

မြို့တော်ဝန်မှာ ဆရာဝန်၊ ဒုတိယ မြို့တော်ဝန်မှာ အင်ဂျင်နီယာဘွဲ့ရ စီးပွားရေးလုပ်ငန်းရှင်၊ ကျန်ကော်မတီဝင်တို့မှာလည်း စာရေးဆရာ၊ အင်ဂျင်နီယာ၊ နည်းပညာရှင်၊ ဆရာဝန်တို့ဖြစ်ပြီး အတွင်းရေးမှူးမှာ ဥပဒေပညာရှင် ဖြစ်သည်။ 

“အခုမြို့တော်ဝန်က အွန်လိုင်း (လူမှုကွန်ရက်) ကို ကောင်းကောင်း အသုံးပြုပြီး သူ့ Brand ကို လူသိအောင် လုပ်ထားတယ်။ အရင်မြို့တော်ဝန်ကတော့ အွန်လိုင်း သိပ်အသုံးမချဘူး။ လုပ်ရည်ကိုင်ရည်က အချိန်စောသေးလို့ နှိုင်းယှဉ်ဖို့ ခက်မယ်ဗျ”ဟု ဦးသန်းနိုင်ဦးက ပြောသည်။ 

မန္တလေး တိုင်းဒေသကြီး ၀န်ကြီးချုပ်က လူတစ်ဦး၏ လုပ်ရပ်ကို အပြင်ပိုင်းကြည့်၍ မပိုင်းဖြတ်သင့်ကြောင်း၊ လုပ်ရည်ကိုင်ရည်၊ လုပ်ရပ်၊ မန္တလေးမြို့အတွက် မည်မျှ တာဝန် ကျေပွန်သည်တို့ကို စောင့်ကြည့်ပြီးမှသာ အကဲဖြတ်ကြရမည်ဖြစ်ကြောင်း ဆိုသည်။ 

“ကျွန်တော်တို့ ရွေးချယ်တဲ့ ကော်မတီဝင်တွေဟာ သူ့နေရာ၊ သူ့ဌာနအတွက် အသင့်လျော်ဆုံး ပုဂ္ဂိုလ်များလို့ အစိုးရအဖွဲ့ဝင်တွေ တိုင်ပင်ပြီး ရွေးချယ်တာ ဖြစ်ပါတယ်။ မရွေးချယ်ခင် နှစ်ရက်လောက်ထိ ဟိုလူပါတယ်။ ဒီလူပါတယ်၊ ဖြစ်သင့်သလား ဆိုတာတွေ ကျွန်တော့်နားထဲ ပြန်ရောက်လာပါတယ်။ ဘာမှ မပြောပါဘူး။ အချိန်တန်ရင် သိပါမယ်”ဟု ဒေါက်တာ ဇော်မြင့်မောင်က ခန့်အပ် ကော်မတီဝင်များနှင့် ပတ်သက်၍ အာမခံ ပြောဆိုခဲ့သည်။ 

အာမခံသည့်အတိုင်း အချိန် အတိုင်းအတာ တစ်ခုထိတော့ စောင့်ရပေမည်။ ဒုတိယမြို့တော်ဝန် ဦးရဲမွန်ကလည်း ကော်မတီဝင်တို့သည် စည်ပင်သာယာ၏ လုပ်ငန်းများကို ယခုမှ ထိတွေ့ရသည်ဖြစ်၍  အချိန်တစ်ခု လိုအပ်ကြောင်း၊ အလျင် အမြန်ထိတွေ့ပြီး မြို့အကျိုးကို ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။ 

ကော်မတီဝင်တို့ မြို့ကို မည်သို့ ပဲ့ကိုင် ထိန်းကျောင်းနိုင်မည့် အချိန်တစ်ခုကတော့ မကြာမီ လာမည်ဖြစ်သည်။ ယင်းအချိန်က လာမည့်မိုးရာသီကာလ ဖြစ်သည်။ နှစ်စဉ် မိုးရွာလျှင် ရေလျှံတတ်သည့် မန္တလေးမြို့တော်၏ လမ်းမများကို မည်သို့ ထိန်းကျောင်းမည်နည်း။

“ရေမြောင်းစနစ်က ခေတ်အဆက်ဆက် မန်းစည်ပင်ကို စိန်ခေါ်ခဲ့တယ်။ လာမယ့် မိုးတွင်းက သူတို့အတွက် စာမေးပွဲပဲ”ဟု ဦးသန်းနိုင်ဦးက ဆိုလိုက်လေသည်။

မြတ်(ကလေး)



FOLLOW US