News

POST TAGGED AS

စည်ပင်သာယာရေး

ကိုးလွှာတိုက်ခန်းပေါ်မှ အိမ်အကူ ခုန်ချအဆုံးစီရင်မှု အမှုမှန်အတိုင်း ဖော်ထုတ်ပေးစေလိုဟု ကျန်ရစ်သူ မိသားစုဝင်များက ပြောကြား
ရန်ကုန်၊ စက်တင်ဘာ ၁၁

အိမ်ရှင်အမျိုးသမီး၏ ပိုက်ဆံအိတ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ပုဇွန်တောင်မြို့နယ်၊ ဗန္ဓုလတာဝါရှိ ကိုးလွှာ တိုက်ခန်းပေါ်မှ အသက် ၁၆ နှစ်အရွယ် အိမ်အကူ မိန်းကလေးတစ်ဦး ကိုးလွှာတိုက်ခန်းပေါ်မှ ခုန်ချ အဆုံးစီရင်မှုအပေါ် အမှုမှန်အတိုင်း ပေါ်ပေါက်အောင် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပေးစေလိုကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောကြားသည်။

“ညီမလေးက ရိုးသားတယ်။ သူ့ အကျင့်စာရိတ္တအပေါ် ကျွန်တော်ယုံတယ်။ သူက စကားပြောရင်လည်း ပွင့်လင်းတယ်။ မဟုတ်မခံစိတ်တော့ရှိတယ်။ အခုလို အခြေအနေအထိ ဖြစ်သွားတဲ့အပေါ် ဘယ်လိုမှကို လက်ခံလို့မရဘူး။ သူ ဘာကြောင့် တိုက်ပေါ်က ခုန်ချရတဲ့အထိ ဖြစ်ခဲ့ရတာလဲ။ ဒီဖြစ်စဉ်ကို အမှန်အတိုင်း ပေါ်ပေါက်အောင် ရဲတပ်ဖွဲ့က ဖော်ထုတ်ပေးစေလိုတယ်”ဟု သေဆုံးသူ မခိုင်သဉ္ဇာ၏ အစ်ကိုအရင်းဖြစ်သူ ကိုချမ်းမြေ့အောင်က ပြောသည်။

ကိုးလွှာတိုက်ခန်းပေါ်မှ ခုန်ချအဆုံးစီရင်ခဲ့သည့် အိမ်အကူ မခိုင်သဉ္ဇာမှာ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်ရှိ အိမ်ရာကြီးကျေးရွာတွင် နေထိုင်သူဖြစ်ကာ မွေးချင်းမောင်နှမ ခြောက်ဦးတွင် ၎င်းမှာ စတုတ္ထမြောက်သမီးဖြစ်ပြီး ရန်ကုန်သို့လာရောက်၍ အိမ်အကူအလုပ် လုပ်နေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုဝင်များထံမှ သိရသည်။ 

“ပထမဆုံး အိမ်အကူအလုပ်ကို မြန်မာ့ဂုဏ်ရည် အိမ်ရာမှာရှိတဲ့ တိုက်ခန်းတစ်ခန်းမှာ စဝင်လုပ်ခဲ့တယ်။ နောက်တော့ တောင်ဥက္ကလာဘက်က အိမ်တစ်အိမ်မှာ ပြောင်းလုပ်တယ်။ ဘာပြဿနာမှ မရှိခဲ့ဘူး။ အခု ဒီအိမ်ပြောင်းလုပ်မှပဲ အခုလို အဖြစ်ဆိုမျိုး ဖြစ်ခဲ့ရတာ။ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ ဆိုတာကို ဆေးစာအဖြေနဲ့ ရဲစစ်ချက်အပေါ် စောင့်ကြည့်နေတယ်။ အမှုမှန်အတိုင်း ဖြစ်စေချင်တယ်”ဟု ကိုချမ်းမြေ့အောင်က ပြောသည်။

သေဆုံးသူ မခိုင်သဉ္ဇာမှာ ဗန္ဓုလတာဝါရှိ ကိုးလွှာတိုက်ခန်းပိုင်ရှင် ဒေါ်ဝင်းသီရိကျော်၏နေအိမ်တွင် တစ်လလျှင် လစာငွေ ကျပ်ခုနစ်သောင်းဖြင့် အိမ်အကူအလုပ် လုပ်ကိုင်ခဲ့ပြီး တစ်လကျော်အကြာ စက်တင်ဘာလ ၁၀ ရက် ညနေပိုင်းက အိမ်ရှင် အသက် ၂၉ နှစ် မဝင်းသီရိကျော်က ၎င်း၏ပိုက်ဆံအိတ်အတွင်း ထည့်ထားသည့် ယာဉ်မောင်းလိုင်စင်၊ KBZ ဘဏ် စာအုပ် ၁ အုပ်၊ CB ဘဏ်စာအုပ် ၁ အုပ်၊ ငွေကျပ် ကိုးသောင်းတို့မှာ ပျောက်ဆုံးနေ၍ မေးမြန်းရာ မခိုင်သဉ္ဇာက ငြင်းဆိုခဲ့ကြောင်း၊ ယင်းနောက် ၎င်း၏ အိပ်ခန်းအတွင်းသို့ ဝင်ရောက် ရှာဖွေနေစဉ် မခိုင်သဉ္ဇာက ဝရန်တာပေါ်မှ ခုန်ချသွားခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ ရဲတပ်ဖွဲ့ထံမှသိရသည်။

ကိုးလွှာတိုက်ခန်းပေါ်မှ ခုန်ချခဲ့သောကြောင့် မခိုင်သဉ္ဇာ၏ ဘယ်တံတောင်၊ ညာလက်မောင်း၊ မေးစေ့၊ နှာခေါင်းတို့တွင် သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ် တိုက်အောက်ရှိ လမ်းပေါ်တွင် သေဆုံးခဲ့သောကြောင့် ပုဇွန်တောင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၈) ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိသည်။

“သိရသလောက်ဆို အိမ်ရှင်က ပစ္စည်းပျောက်တယ်။ အိမ်မှာရှိတဲ့သူတွေကို မေးတယ်။ အမှန်မပြောရင် ရဲတိုင်ပစ်မယ်ဆိုတာမျိုး ပြောခဲ့တယ်လို့လည်း သိရတယ်။ အခင်းဖြစ်ချိန်က အဲဒီတိုက်ခန်းမှာ သေဆုံးသူ မိန်းကလေးရယ်၊ အခြား အိမ်ဖော်နှစ်ယောက်ရယ်၊ အဒေါ်ကြီးတစ်ယောက်ရယ်၊ အိမ်ရှင်အမျိုးသမီးရယ် အားလုံး ငါးယောက်ရှိနေတယ်။ အခု ဖြစ်စဉ်အရဆို မျက်မြင်သက်သေက သုံးယောက်ရှိတာပေါ့။ အမှုဖြစ်စဉ် အသေးစိတ်ကိုတော့ ရဲပဲသိမှာ”ဟု ပုဇွန်တောင်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လတ်က ပြောကြားသည်။ 

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က အိမ်ရှင်နှင့် မျက်မြင်သက်သေများကို စစ်ဆေးမေးမြန်းလျက်ရှိပြီး သေဆုံးသူ အိမ်အကူ မိန်းကလေး၏ ရုပ်အလောင်းကို စက်တင်ဘာလ ၁၁ ရက်နေ့က ကျန်ရစ်သူမိသားစုမှ ကျုံပျော်မြို့နယ်ရှိ သုသာန်သို့ ပြန်လည်သယ်ဆောင်ကာလာမည့် စက်တင်ဘာလ ၁၄ ရက်နေ့တွင် သင်္ဂြိုဟ်ရန် စီစဉ်ထားကြောင်း သိရသည်။ 

“နာရေး ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး အိမ်ရှင်တွေဘက်က စိုက်ထုတ်ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ လက်မခံခဲ့ဘူး။ အမှုဖြစ်စဉ်အမှန် ဖော်ထုတ်ပေးတာကိုပဲ လိုချင်တယ်”ဟု သေဆုံးသူ၏ အစ်ကိုရင်းဖြစ်သူ ကိုချမ်းမြေ့အောင်က ဆိုသည်။

S-03



FOLLOW US