News

POST TAGGED AS

စည်ပင်သာယာရေး

စည်ပင်၏လုပ်ဆောင်ချက်များအပေါ် လူထုထံမှ အနုတ်လက္ခဏာဆောင်သည့်အဖြေရဟု စစ်တမ်းကောက်ယူရေးအဖွဲ့ပြော
ရန်ကုန်၊ ဩဂုတ် ၂၀

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ လုပ်ဆောင်ချက်များ အပေါ် လူထုအမြင်စစ်တမ်းကောက်ယူရာတွင် အနုတ်လက္ခဏာဆောင်သည့် အဖြေများရရှိကြောင်း စစ်တမ်းကောက်ယူသည့် အလင်းစေတမာန်စာကြည့်တိုက်နှင့် အသိပညာပြန့်ပွားရေးလူမှု အထောက်အကူပြုကွန်ရက်ထံမှ သိရသည်။

ရန်ကုန်တိုင်းခရိုင် ၄ ခုရှိ စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်ကို ၂၀၁၈ ခုနှစ်၊ မတ်လက စစ်တမ်းကောက်ယူခဲ့ပြီး ယင်းစစ်တမ်းကောက်ယူရန် သင်တန်းပို့ချထားသည့် စေတနာ့ဝန်ထမ်း လူအင်အား ၃၅ ဦးခန့်မှ မဲဆန္ဒရှင် စုစုပေါင်း ၁၂၀၅ ဦးကို မေးခွန်းမေးမြန်းကာ လူထုသဘောထား စစ်တမ်းကောက်ယူခဲ့ကြောင်း အလင်းစေတမာန် စာကြည့်တိုက်မှ တာဝန်ခံ ဒေါ်ဥမ္မာက ပြောသည်။

“စစ်တမ်းစာအုပ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို လွှတ်တော်မှာ ဆွေးနွေးဖို့ စာအုပ် ၁၃၀ သွားပေးခဲ့တယ်။ အဓိက စည်ပင်ရွေးကောက်ပွဲရွေးချယ်ဖို့ လုပ်ဆောင်တာပါ။ စည်ပင်သာယာရဲ့ ဝန်ဆောင်မှုလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ပြည်သူသဘောထားတွေသိရှိဖို့ ကောက်ယူခဲ့တာပါ။ အစိုးရအနေနဲ့ အနုတ်လက္ခဏာက အခုများပေမယ့် နောက်ထပ်လုပ်မယ့်ဥပဒေမှာ အပေါင်းလက္ခဏာများအောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာ သိစေချင်လို့ လုပ်ခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

စည်ပင်သာယာရေးဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး ပြည်သူ့သဘောထားအမြင်ကို သိရှိစေနိုင်ရန်၊ ဒေသခံပြည်သူလူထု၏ လိုအပ်ချက်များကို သိရှိရန်နှင့် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းများတွင် ပြည်သူလူထု၏ စိတ်ဝင်စားမှုများနှင့် သဘောထားအမြင်များကို သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် စစ်တမ်းကောက်ယူခဲ့ကြောင်း ဒေါ်ဥမ္မာက ရှင်းပြသည်။

“စစ်တမ်းက လူ ၁၂၀၅ ဦးအပေါ်မှာ ကောက်ထားတယ်။ အစ်မအမြင်ကတော့ သူတို့ ကောက်ထားတဲ့စစ်တမ်းမှာ ထွက်လာတဲ့လူထုရဲ့ ကျေနပ်မှု၊ မကျေနပ်မှု၊ ကောင်း၏၊ သင့်၏ဆိုတဲ့ သဘောထားမှတ်ချက်တွေက ပြင်ပအနေအထားနဲ့ တော်တော်နီးစပ်တယ်လို့ ယူဆတယ်။ အစ်မတို့ မြို့နယ်နဲ့ကျန်တဲ့ မြို့နယ်တွေမှာဆိုလည်း မေးလိုက်ရင် အဆင်မပြေကြတာတွေက ပိုများတော့ မကျေနပ်ဘူး၊ မကြိုက်ဘူးဆိုတဲ့အသံက ပိုကြားရတယ်”ဟု ကျောက် တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဌာနများနှင့် သက်ဆိုင်သည့် မေးခွန်း ၂၇ ချက်ကို မေးမြန်းကာ စစ်တမ်းကောက်ယူခဲ့သည်။

စည်ပင်ဝန်ဆောင်မှု ကောင်းမွန်စေလာရန်၊ မြို့တော်ဝန်ကို ပြည်သူလူထုကို ရွေးချယ်နိုင်ရန်နှင့် စည်ပင်ကော်မတီနှင့် လူထုတိုက်ရိုက်ထိစပ်နိုင်ရန် စသည့်အချက်များကို လိုအပ်ကြောင်း စစ်တမ်းအရသိရသည်။

စည်ပင်ဌာနများ၏ လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး စစ်တမ်းကောက်ယူရာတွင် အမှိုက်သိမ်းစနစ် ကောင်းမွန်မှု ရှိ မရှိ၊ ရေမြောင်းစနစ် အဆင်ပြေမှု ရှိ မရှိ၊ လမ်းများ၊ ပလက်ဖောင်းများ သန့်ရှင်းသပ်ရပ်မှုရှိ မရှိ၊ လမ်းတံတား တည်ဆောက်ခြင်းအပေါ် စိတ်ကျေနပ်မှုရှိ မရှိ၊ စည်ပင်ဌာန၏ ရငွေနှင့် အသုံးစရိတ်များ၊ စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်ကို ပြည်သူများသိ၊ မသိ၊ စည်ပင်ပိုင်မြေများကို ရောင်းချခြင်း၊ ငှားရမ်းခြင်းများနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိမရှိ စသည့် အချက်များကို ပြည်သူများထံ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။  

J-10



FOLLOW US