News

POST TAGGED AS

စည်ပင်သာယာရေး

ရန်ကုန်စည်ပင်က နေ့စဉ် မသိမ်းနိုင်သည့် အမှိုက်တန် ၃၀၀ ကျော်ရှိ


ရန်ကုန်၊ ဩဂုတ် ၁၁

လူဦးရေ ခုနစ်သန်းကျော်လာသည့် ရန်ကုန်မြို့၌ အမှိုက်စွန့်ပစ်နှုန်း မြင့်တက်လာပြီး နေ့စဉ် မသိမ်းဆည်းနိုင်သည့် အမှိုက်တန်ချိန် ၃၃၀ ကျော်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အဓိကတော့ ဈေးတန်း၊ ဈေးဆိုင်တွေက အမှိုက်စွန့်နှုန်း ပိုများလာတာပဲ။ မြို့နယ်အလိုက် အမှိုက်ကားတွေနဲ့ သယ်လို့မနိုင်တဲ့ အခြေအနေမျိုးတွေပေါ့။ ပညာရှင်တွေနဲ့တော့ တိုင်ပင်နေတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင် အမှိုက်သိမ်းမှုကို ခေါင်းလောင်းတီးစနစ်၊ အရေးပေါ်အမှိုက်သိမ်းစနစ်၊ လှဲသိမ်းစနစ်၊ ပတ်သိမ်းစနစ်၊ သီးခြားအမှိုက်သိမ်းစနစ်၊ အမှိုက်ကန်/အမှိုက်ပုံ စနစ်တို့ဖြင့် သိမ်းဆည်းနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းဌာနထံမှ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့၏ တစ်ရက် အမှိုက်ထွက်ရှိမှုနှုန်းသည် တန်ချိန် ၂၃၈၇ ဒသမ ၁၂ ရှိပြီး သိမ်းဆည်းနိုင်မှုနှုန်းမှာ ၂၀၅၇ တန်သာ ရှိသည့်အတွက် မသိမ်းဆည်းနိုင်သည့် ပမာဏမှာ ၃၃၀ ဒသမ ၁၂ တန် အထိရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တော်အတွက် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံအဖြစ် ဧက ၁၄၇ ဒသမ၂၂ ကျယ်ဝန်းသည့် ထားဝယ်ချောင် (ဒဂုံမြို့သစ်မြောက်ပိုင်း) အမှိုက်ပုံ၊ ဧက ၁၅၀ ရှိသည့် ထိန်ပင် (လှိုင်သာယာ) အမှိုက်ပုံအပါအဝင် ဒလနှင့် ဆိပ်ကြီးခနောင်တိုရှိ အမှိုက်ပုံတို့တွင်လည်း တစ်ရက်လျှင် ၁၀ တန်ခန့် အမှိုက်စွန့်ပစ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ 

J-17



FOLLOW US