News

POST TAGGED AS

စည်ပင်သာယာရေး

စည်ပင်ဘတ်ဂျက်ဖြင့် မြို့တွင်းလမ်းများ ပြင်ဆင်
ရန်ကုန်၊ ဇူလိုင် ၂၆

ရန်ကုန်တစ်မြို့လုံး၌ မိုးဆက်တိုက်ရွာခြင်းကြောင့် လမ်းပျက်စီးမှု ပိုများလာသည့်အတွက် ကွန်ကရစ်ခင်းရန် လိုအပ်သည့်နေရာတွင်ခင်း၍ လမ်းချိုင့်ဖာရန် လိုအပ်သည့်နေရာတွင် ချိုင့်ဖာနေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာန၊ ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်က ပြောကြားသည်။

လက်ရှိ မြို့အနှံ့ လမ်းခင်းပြုပြင်မှု လုပ်ငန်းအားလုံးကို စည်ပင်၏ ပုံမှန်ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး တိုင်းအစိုးရက ဖြည့်စွက်ပေးထားသည့် ဘတ်ဂျက်မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လမ်းချိုင့် ကြီးကြီး၊ သေးသေး အကုန်ဖာနေတယ်လေ။ ထိန်းသိမ်းရေး လုပ်ငန်းတွေပေါ့နော်။ အသစ်ခင်းတာတွေလည်း အများကြီးရှိတယ်။ နေရာကျတော့ ပြောရတာခက်တယ်။ တစ်မြို့လုံးလိုလို ဖြစ်နေတာလေ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဇူလိုင်လ ၂၇ ရက်၊ နံနက်ပိုင်းမှစ၍ ရွှေဂုံတိုင်တံတားအောက်နှင့် ၈ မိုင် တံတားအောက်တို့တွင် တစ်ပတ်ခန့် လမ်းပိတ်ကာ ကွန်ကရစ်ခင်းရန် စီစဉ်နေကြောင်း၊ လက်ရှိတွင် ဗဟန်း ၃ လမ်း၊ ပြည်လမ်းရှိ ပျက်စီးမှုများသည့် နေရာများ၌ လမ်းခင်းစက်သုံးပြီး အသစ်ခင်းနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတားဌာနထံမှ သိရသည်။

အလားတူ ဒဂုံမြို့သစ်၊ ဗိုလ်ဗထူးလမ်း၊ တောင်ဥက္ကလာပ ၄/၆ ဗြဟ္မစိုရ်လမ်း၊ သံသုမာလမ်း၊ မြောက်ဥက္ကလာပ တံတားအနီးစသော နေရာအများစုတွင် စည်ပင်ဝန်ထမ်းများ လမ်းပြုပြင်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“ပုံမှန်ဆို မိုးတွင်းဘက်က လမ်းခင်းရင် နေသာနေ့ကို ရွေးခင်းတာပဲ တွေ့ဖူးတယ်။ အခုက မိုးရွာရွာ၊ နေပူပူ တောက်လျှောက်ကြီးခင်းနေတော့ နည်းနည်းတော့ အံ့ဩမိတယ်”ဟု ရန်ကုန်မြို့တွင်း နေ့ဘက်မောင်းသူ အငှားယာဉ်မောင်း ကိုကျော်ရဲသူက ဆိုသည်။

ရန်ကုန်တိုင်းအတွင်း ပျက်စီးနေသည့်လမ်းများ အဆင့်မြှင့်တင်ရေးအတွက် ဇူလိုင်လ ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးခန်း၌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်၍ အစည်းအဝေးပြုလုပ်ခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးသို့ သွားရောက်သည့် ဇူလိုင် ၂၀ ရက် ခရီးစဉ်၌ ရန်ကုန်မြို့တွင်းလမ်းများမှာ မကောင်းဘဲ မြို့ပြင်ဘက်လမ်းများ ပိုကောင်းလာကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအား ပြောကြားခဲ့ပြီးနောက် ပျက်စီးနေသောလမ်းများ ပြုပြင်ဆောင်ရွက်မှုများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်တွေ့ရှိလာရခြင်းဖြစ်သည်။ 

J-17



FOLLOW US