News

POST TAGGED AS

စည်ပင်သာယာရေး

လုပ်ငန်းရှင်နှစ်ဦးကို မမှန်သက်သေတင်သွင်းမှုဖြင့် အရေးယူပေးရန် စည်ပင်အရာရှိများ၏ရှေ့နေက တရားရုံးသို့ ဦးတိုက်လျှောက်


မန္တလေး၊ ဇူလိုင် ၁၀

နေပြည်တော်ကောင်စီနယ်မြေ စည်ပင်သာယာရေးကော်မတီ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဌာနမှူး) နှစ်ဦးအမှုကို မန္တလေးတိုင်း တရားလွှတ်တော်၌ ဇူလိုင်လ ၁၀ ရက်နေ့ကစစ်ဆေးခဲ့ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့သည့် လုပ်ငန်းရှင်နှစ်ဦးကို မမှန်သက်သေခံမှုဖြင့် အရေးယူပေးရန် စွပ်စွဲခံရသူများ၏ အကျိုးဆောင်ရှေ့နေများက တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှဌာနမှူး (ဒုတိယ ညွှန်ကြားရေးမှူးချုပ်) ဦးမင်းလွင်စိုးနှင့် တိရစ္ဆာန်ကုသရေးနှင့် သားသတ်ရုံများ ဌာနဌာနမှူး (ဒုတိယ ညွှန်ကြားရေးမှူးချုပ်) ဒေါက်တာခိုင်စိုးလှတို့သည် သားသတ်လိုင်စင်ရရှိသူများဖြစ်သည့် ဦးမျိုးခက်နှင့် ဦးဘိုဘိုဟန်တို့ထံမှ ငွေများရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုအတွက် သားသတ်လိုင်စင်ရရှိထားသူများဖြစ်သည့် ဦးမျိုးခက်နှင့်၎င်း၏ ဇနီးဒေါ်အိပြည့်ဖြိုးပိုင်တို့ တင်သွင်းခဲ့သော ညွှန်မှူးနှစ်ဦးထံငွေကြေး ပေးဆောင်နေချိန်က ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းမှာ ဖြတ်တောက်ပြုပြင်မှုများ ပြုလုပ်ထားသည့်အတွက် အရေးယူပေးရန် လျှောက်ထားခြင်းဖြစ်ကြောင်း ဦးမင်းလွင်စိုး၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်သန်းက ပြောကြားသည်။

“နေပြည်တော် နည်းပညာနဲ့ သိပ္ပံမှုခင်းရဲတပ်ဖွဲ့က အဲဒီဗီဒီယိုဖိုင်တွေဟာ ပြုပြင်တည်းဖြတ်ထားပါတယ်ဆိုတာ တွေ့ရှိတဲ့အတွက် တရားလွှတ်တော်ကို တင်ပြထားပါတယ်။ ဒါကြောင့် မမှန်မကန် သက်သေတင်သွင်းခဲ့တဲ့သူတွေကို အရေးယူပေးဖို့ လျှောက်ထားတာ”ဟု ၎င်းက ပြောဆိုသည်။

နေပြည်တော်ကောင်စီနယ်မြေ စည်ပင်သာယာရေးကော်မတီ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဌာနမှူး) နှစ်ဦးအမှုကို မန္တလေးတိုင်း တရားလွှတ်တော်က ဇွန်လ ၁၂ ရက်နေ့က စွဲချက်တင်ရန် အမိန့်ချခဲ့ရာ စွပ်စွဲခံရသူများ၏ ရှေ့နေများက တရားလိုပြသက်သေများထဲမှ ပြန်ခေါ်စစ်ဆေးလိုသည့် သက်သေများကို တင်ပြခဲ့သည့်အတွက် ပြန်လည်စစ်ဆေးမှုများပြုလုပ်လျက်ရှိရာ ဇူလိုင်လ ၁၀ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့သည့် ဦးမျိုးခက်၏ ဇနီးဒေါ်အိပြည့်ဖြိုးပိုင်ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စွပ်စွဲခံရသူများဘက်က ဦးတိုက်လျှောက်ထားခဲ့သည့်အတွက် ယခုလ ၁၈ ရက်နေ့ရုံးချိန်းတွင် ဦးမျိုးခက်နှင့် ၎င်း၏ ဇနီးကို ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

နေပြည်တော်စည်ပင် ဈေးများဌာနမှ ဌာနမှူး ဦးမင်းလွင်စိုးသည် ဦးမျိုးခက်ထံမှ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် ကျပ်ဆယ်သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ ခုနှစ် မတ်လတွင် ကျပ်သိန်း ၂၀၊ တိရစ္ဆာန်ကုသရေးနှင့် ဈေးများဌာနမှူးဖြစ်သည့် ဒေါက်တာခိုင်စိုးလှသည် ဦးမျိုးခက်ထံမှ ၂၀၁၇ ဩဂုတ်လ ၁၁ ရက်နေ့တွင် ကျပ်ငါးသိန်း၊ ၂၀၁၇ ဩဂုတ်လ ၁၉ ရက်နေ့တွင် ကျပ်ဆယ်သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ ခုနှစ် မေလဆန်းတွင် ကျပ်သိန်းလေးဆယ်တို့ကို ရယူခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းသို့ နိုင်ငံ့ဝန်ထမ်းလုပ်ပိုင်ခွင့် ရှိသူများအနေနှင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုကာ ငွေကြေးရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ ဇမ္ဗူသီရိမြို့နယ် မြို့မရဲစခန်းနှင့် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းနယ်မြေ ရဲစခန်းတို့တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ 

M-04



FOLLOW US