News

POST TAGGED AS

စည်ပင်သာယာရေး

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ ဒီဇင်ဘာလတွင် လုပ်မည်
ရန်ကုန်၊ ဇူလိုင် ၈

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ အတည်ပြုပြီးပြီဖြစ်သောကြောင့် စည်ပင်ရွေးကောက်ပွဲကို ယခုနှစ်ဒီဇင်ဘာလတွင် ကျင်းပရန်စီစဉ်နေကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။

ယခုလက်ရှိ မြို့နယ်များတွင် စည်ပင်ရွေးကောက်ပွဲ၌ မဲပေးနိုင်မည့် အသက် ၁၈ နှစ်ပြည့်ပြီးသည့်သူစာရင်းများကို ပြုစုနေပြီး ၂၀၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် စည်ပင်ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှသိရသည်။

“ရွေးကောက်ပွဲကျင်းပဖို့က ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေများ ဆွဲရမယ်။ ရွေးကောက်ပွဲဆိုင်ရာကော်မရှင် ခန့်ရမယ်။ မဲစာရင်းကောက်ရမယ်။ မဲစာရင်း အတည်ပြုရမယ်။ ပြီးရင် ရွေးကောက်ခံ ကိုယ်စားလှယ်တွေအတွက် ကိုယ်စားလှယ်လျှောက်လွှာတွေ လက်ခံရမယ်။ ကိုယ်စားလှယ်တွေ စိစစ်ပြီးရင် မဲဆွယ်စည်းရုံးခွင့်တွေ ပေးရဦးမယ်။ အစိုးရက လကို အတိအကျ သတ်မှတ်ပေးရမယ်။ နိုဝင်ဘာ၊ ဒီဇင်ဘာလောက်ကျင်းပဖို့ စီစဉ်နေတယ်”ဟု ဦးသန်းက ဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အတည်ပြုလက်မှတ်ရေးထိုးပေးခဲ့ပြီး ယင်းလက်မှတ်ရေးထိုးသည့် အခမ်းအနားကို မြို့တော်ခန်းမ (ပထမထပ်)၊ အစည်းအဝေးခန်းမတွင် ဇွန်လ ၂၈ ရက် နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

“စည်ပင်ရွေးကောက်ပွဲလုပ်မယ့် ရက်ကို မကြာခင် ကြေညာပါလိမ့်မယ်။ လောလောဆယ် ရွေးကောက်ပွဲအတွက် ပြင်ဆင်ပြုစုတာတွေလုပ်နေပါပြီ။ မြို့တော်ဝန်ကလည်း စည်ပင်ရွေးကောက်ပွဲအတွက် ဘတ်ဂျက်လည်း အဆင်သင့်ဖြစ်နေပြီ။ နည်းဥပဒေကလည်း ပြီးသလောက် ရှိနေပြီပြောထားတယ်။ အမြန်ဆုံးလုပ်သွားမှာပါ။ ဥပဒေအသစ်က ဖွဲ့စည်းပုံတွေပါ ပြောင်းသွားတဲ့အတွက် အမြန်ဆုံးရွေးပြီး ဒီဖွဲ့စည်းပုံတွေမှာ နေရာပေးလိုက်မှ ထိထိရောက်ရောက် လုပ်နိုင်မှာပါ”ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို ဇွန်လ ၂၇ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ဆဋ္ဌမပုံမှန်အစည်းအဝေး၌ ယခင်ကော်မတီဝင် ၉ ဦးအစား ယခုအခါ ဒုတိယ ရန်ကုန်မြို့တော်ဝန်တစ်ဦးအပါအဝင် ကော်မတီဝင် ၁၁ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းမည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်းကို လွှတ်တော်၏အဆုံးအဖြတ်ရယူကာ အတည်ပြုခဲ့သည်။

အဆိုပါကော်မတီဝင် ၁၁ ဦးအနက် ဒုတိယရန်ကုန်မြို့တော်ဝန်အပါအဝင် ကော်မတီဝင် ၆ ဦးကို ပြည်သူက တိုက်ရိုက်ရွေးချယ်တင်မြှောက်နိုင်မည်ဖြစ်ပြီး ကျန်ကော်မတီဝင် ၅ ဦးကို အစိုးရက ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။

ယခင် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်က ကျင်းပခဲ့ရာ ရွေးချယ်ခံရသည့်ကော်မတီဝင် ၄ ဦး၊ ခရိုင် ၄ ခရိုင်မှ ကိုယ်စားလှယ် ၁၂ ဦး၊ ၃၃ မြို့နယ်မှ ကိုယ်စားလှယ် ၉၉ ဦး စုစုပေါင်း ၁၁၅ ဦးတို့သည် ၂၁၀၆ ခုနှစ် မေလ ၁၈ ရက်တွင် တာဝန်ပြီးဆုံးခဲ့ပြီး ယခုလက်ရှိတွင် အဆိုပါကိုယ်စားလှယ်များ လစ်လပ်နေသည်မှာ ၂ နှစ်ကျော်ကြာမြင့်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရှိရသည်။

မန္တလေးတိုင်းတွင် စည်ပင်ရွေးကောက်ပွဲကို၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နှင့် ချင်းပြည်နယ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ကကျင်းပခဲ့ပြီး ရန်ကုန်တိုင်းတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်ရွေး ကောက်ပွဲကျင်းပရန် အချိန်ကြန့်ကြာနေသောကြောင့် ဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်။ 

J-10



FOLLOW US