News

POST TAGGED AS

စည်ပင်သာယာရေး

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို တိုင်းဝန်ကြီးချုပ် အတည်ပြုလက်မှတ်ရေးထိုး


ရန်ကုန်၊ ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ၂၀၁၈ ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်ဖြစ်သူ ဦးသန်းက ပြောကြားသည်။

ထိုသို့ အတည်ပြုလက်မှတ်ရေးထိုးခြင်းကို ဇွန်လ ၂၈ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်သည် ရန်ကုန်မြို့တော်ဝန်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်များ ရှေ့မှောက်တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံက သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဇွန်လ ၂၇ ရက်က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ဆဋ္ဌမပုံမှန်အစည်းအဝေး၌ ယခင်ကော်မတီဝင် ၉ ဦးအစား ယခုအခါ ဒုတိယရန်ကုန်မြို့တော်ဝန်တစ်ဦး အပါအဝင် ကော်မတီဝင် ၁၁ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။

“ဥပဒေအရဆို အတည်ပြု လက် မှတ်ရေးထိုးတဲ့နေ့ကစ အာဏာသက် ရောက်ပါတယ်။ ဥပဒေအရ အသက်ဝင် တာက ဝင်ပေမယ့် ဌာနပေါင်း ၂၀ ကတော့ ချက်ချင်းဖြုတ်ပစ်လို့မရဘူး။ ဥပဒေအရ ဌာနပေါင်း ၂၀ မရှိတော့ပေမယ့် ဒီဥပဒေနဲ့ အညီ ပြန်လည်ဖွဲ့စည်းဖို့က ပြည်ထောင်စု အဆင့်၊ ပြည်ထောင်စုရာထူးဝင်အဖွဲ့တို့ ဝန်ထမ်းဖွဲ့စည်းပုံပြင်တဲ့အခါ တန်းပြင်လို့ မရဘူး။ တင်ရဦးမှာပါ။ လက်ရှိ ဌာန၂၀နဲ့ တော့ လုပ်ငန်းကတော့ လုပ်ဆောင်ရမှာ ပါ။ ကော်မတီပေါ်လာဖို့ အရင်လုပ်ရဦး မယ်” ဟု ကော်မတီဝင်ဖြစ်သူ ဦးသန်းက ဆိုသည်။

အဆိုပါစည်ပင်သာယာ ဥပဒေကြမ်းမှာ အခန်း (၃၃) ခန်းနှင့် ပုဒ်မပေါင်း (၃၉၈) ခုရှိပြီး ပုဒ်မများပြင်ဆင်ခြင်း၊ ခေါင်းစဉ်စကားလုံးများ စိစစ်ခြင်းနှင့် ယင်းဥပဒေမူကြမ်း၏ အဓိကကျောရိုးဖြစ်သည့် ယခင်က ကော်မတီ ၉ ဦးဖြင့် ဖွဲ့စည်းမှုကို ယခုအခါကော်မတီဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းနိုင်ရန် ပြင်ဆင်နိုင်ခဲ့ပြီး ဒုတိယရန်ကုန်မြို့တော်ဝန် တစ်ဦးကိုပါ ယင်းကော်မတီဝင် ၁၁ ဦးထဲ၌ ထည့်သွင်း ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ အဆိုပါကော်မတီဝင် ၁၁ ဦးအနက် ဒုတိယရန်ကုန်မြို့တော်ဝန် အပါအဝင် ကော်မတီဝင် ၆ ဦးကို ပြည်သူက တိုက်ရိုက်ရွေးချယ်တင်မြှောက်နိုင်မည်ဖြစ်ပြီး ကျန်ကော်မတီဝင် ၅ ဦးကို အစိုးရက ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးဥပဒေကြမ်းတွင် ပါဝင်သော အခန်းအပိုဒ်၊ အပိုဒ်ခွဲ၊ အပိုဒ်ခွဲငယ်တို့ကို လွှတ်တော်က အတည်ပြုထားသည့်အတိုင်း ပြောင်းလဲအမှတ်စဉ်၍ ပြုစုပြီး တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၁၄၈) နှင့်အညီ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးကို ထုတ်ပြန်ပေးပို့သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၇ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ အတည်ပြုပြီးသည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲကိုလည်း ယခုနှစ်အတွင်း အမြန်ဆုံးကျင်းပနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ အတည်ပြုလက်မှတ်ရေးထိုးခြင်းကို မြို့တော်ခန်းမ (ပထမထပ်)၊ အစည်းအဝေးခန်းမကြီးတွင် ဇွန်လ ၂၈ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

J-10



FOLLOW US