News

POST TAGGED AS

စည်ပင်သာယာရေး

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ရက်ပိုင်းအတွင်း အတည်ပြုမည်
ရန်ကုန်၊ ဇွန် ၁၆

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ရန် စည်ပင်သာယာရေးဥပဒေ မူကြမ်းကို ဇွန်လ တတိယပတ်တွင် တိုင်းဒေသကြီးလွှတ်တော်၌ အတည်ပြုသွားမည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။

အဆိုပါ စည်ပင်ဥပဒေမူကြမ်းကို အတည်ပြုရန် မေလနှင့် ဇွန်လတွင် အဆင့်ဆင့် ဆွေးနွေးခြင်း ပြီးစီးသွားပြီဖြစ်သောကြောင့် လာမည့်အပတ်တွင် ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြုပြီးပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“စည်ပင်သာယာရေး ဥပဒေ ဆွေးနွေးတာ လွှတ်တော်ဘက်က အားလုံး ပြီးသွားပြီ။ လွှတ်တော်ကိုတင်ဖို့ အဆင်သင့် ဖြစ်နေပြီ။ မြို့တော်ဝန်က အခု ပြည်ပ ခရီးစဉ်သွားတယ်။ မြို့တော်ဝန် ပြန်ရောက်တာနဲ့ လာမယ့်အပတ် တိုင်းလွှတ်တော်မှာတင်ပြီး အတည်ပြုဖို့ လုပ်သွားမယ်။ လွှတ်တော်က အတည်ပြုပြီးတာနဲ့ ၇ ရက်ဆို အသက်ဝင်ပါမယ်”ဟု ဦးလှဌေးကဆိုသည်။

ယခုလက်ရှိ မြို့နယ်များတွင် စည်ပင်ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် အသက် ၁၈ နှစ်ပြည့်ပြီးသည့်သူ စာရင်းများကို ပြုစုနေပြီး ၂၀၁၈ ခုနှစ်တွင် ကျင်းပမည့် စည်ပင်ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“စည်ပင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေ ရေးဆွဲနေတာကကြာပြီ။ အမြန်ဆုံး ကျင်းပနိုင်ဖို့ မျှော်လင့်ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ စည်ပင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကူညီပေးဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ပညာပေး အစီအစဉ်တွေ လုပ်မယ်။ လေ့လာစောင့်ကြည့်ခွင့် တောင်းမယ်”ဟု အရပ်ဘက် အဖွဲ့အစည်းဖြစ်သည့် New Myanmar Foundation မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါ်မြနန္ဒာသင်းကဆိုသည်။

မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းများ၌ စည်ပင်သာယာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းပွဲကို ဇွန်လ ၁၆ ရက်တွင် ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပခဲ့သည်။

ယခင် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်ကကျင်းပခဲ့ပြီး ရွေးချယ်ခံရသည့် ကော်မတီဝင် ၄ ဦး၊ ခရိုင် ၄ ခရိုင်မှ ကိုယ်စားလှယ် ၁၂ ဦး၊ ၃၃ မြို့နယ်မှ ကိုယ်စားလှယ် ၉၉ ဦး စုစုပေါင်း ၁၁၅ ဦးတို့သည် ၂၁၀၆ ခုနှစ် မေလ ၁၈ ရက်တွင် တာဝန်ပြီးဆုံးခဲ့သော်လည်း ယခုလက်ရှိတွင် အဆိုပါကိုယ်စားလှယ်များ လစ်ဟာနေသည်မှာ ၂ နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။

မန္တလေးတိုင်းတွင် စည်ပင်ရွေးကောက်ပွဲကို ၂၀၁၆ခုနှစ် စက်တင်ဘာလ ၂၅ ရက်နှင့် ချင်းပြည်နယ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန် အချိန်ကြန့်ကြာနေသောကြောင့် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

၂၀၁၄ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် စည်ပင်ရွေးကောက်ပွဲတွင် အိမ်ထောင်စုတစ်စုလျှင် အသက် ၁၈ နှစ်ပြည့်သည့် အိမ်ထောင်ဦးစီးသာ မဲပေးခွင့်ရရှိခဲ့ပြီး ယင်းရွေးကောက်ပွဲကို ရန်ကုန်တိုင်းအစိုးရက ကျပ်သိန်း ငါးထောင်ခန့် သုံးစွဲကာ ကျင်းပခဲ့သည်။

J-10



FOLLOW US