News

POST TAGGED AS

စည်ပင်သာယာရေး

ငွေကြေးတောင်းခံခဲ့သော စည်ပင်ဝန်ထမ်းကို အလုပ်ထုတ်သည်အထိ အရေးယူမည်
မန္တလေး၊ ဇွန် ၇

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအောက်ရှိ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှ အမျိုးသမီး ဝန်ထမ်းတစ်ဦးသည် အိမ်ဆောက်မိန့် တင်ပေးမည်ဟုဆိုကာ အိမ်ရှင်ထံမှ ငွေကြေး တောင်းခံခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် အလုပ်မှထုတ်ပယ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း ယင်းကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောဆိုသည်။ 

အဆိုပါဝန်ထမ်းအမျိုးသမီးသည် ချမ်းမြသာစည်မြို့နယ်အတွင်း အိမ်ဆောက်ခြင်းနှင့်ပတ်သက်၍ အိမ်ဆောက်မိန့်တင်ရန် ဆောင်ရွက်ပေးမည်ဟုဆိုကာ အိမ်ရှင်ထံမှ ငွေတောင်းခဲ့ကြောင်း၊ အဆောက်အအုံနှင့် ကုန်ရုံဌာနနှင့်မဆိုင်သည့် ကော်မတီဝင်တစ်ဦးကို ငွေကျပ်ငါးသိန်း ပေးရမည်ဟုဆိုကာ ထပ်မံ တောင်းခံခဲ့ကြောင်း၊ အိမ်ရှင်က အဆိုပါ ကော်မတီဝင်ကို လာရောက်တွေ့ဆုံရာမှ ယင်းအမှုပေါ်ပေါက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ဒီအမှုကို ကော်မတီက စစ်ဆေးပြီးပြီ။ ငွေတောင်းတယ်ဆိုတာ ပေါ်ပေါက်တဲ့အတွက် ရာထူးကထုတ်ပယ်ဖို့ ဆုံးဖြတ်ထားတယ်။ အစိုးရအဖွဲ့ကို အတည်ပြုပေးဖို့ တင်ထားတယ်။ အစိုးရအဖွဲ့က အတည်ပြုတယ်ဆိုရင်တော့ သူ့ကို အလုပ်ထုတ်မယ်”ဟု ဦးကျော်ဆန်းမြင့်က ဆက်လက် ပြောဆိုသည်။

အိမ်ရှင်အနေနှင့် အဆိုပါဝန်ထမ်းအပေါ် ငွေကြေး လက်လွန်ခဲ့ခြင်းနှင့်ပတ်သက်၍ တရားရုံးမှတစ်ဆင့် ပြန်လည် တောင်းခံနိုင်ကြောင်းလည်း ၎င်းက ထပ်မံ ရှင်းပြသည်။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ဦးဆောင်သောလက်ထက်တွင် မသမာမှုများ ကင်းစင်အောင် အတတ်နိုင်ဆုံး လုပ်ဆောင်နေရာ မသမာမှုများ ပေါ်ပေါက်လာပါကလည်း ပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်လေ့ရှိကြောင်း စည်ပင်သာယာရေး ကော်မတီဝင်အချို့ထံမှ သိရသည်။ 

မန္တလေးမြို့တော်စည်ပင်အနေနှင့် ယခုရက်ပိုင်းအတွင်း မသမာမှုပြုလုပ်ခဲ့သော ဝန်ထမ်းများကို ဆက်တိုက် အရေးယူလျက်ရှိရာ တစ်လအတွင်း မသမာမှု သုံးမှုပေါ်ပေါက်ပြီး စစ်ဆေးခံနေရသည့် ဝန်ထမ်း ခြောက်ဦးအထိ ရှိပြီဖြစ်ကြောင်း ယင်းဌာနမှတ်တမ်းများအရ သိရသည်။

M-07



FOLLOW US