News

POST TAGGED AS

စည်ပင်သာယာရေး

ရွှေတချောင်းမြောင်းပေါ် တံတားထိုးရန် ကြံစည်သူကို စည်ပင်ဥပဒေဖြင့် အရေးယူ၊ ပူးပေါင်းသူစည်ပင်ဝန်ထမ်းကို စစ်ဆေး
မန္တလေး၊ ဇွန် ၂

မန္တလေးမြို့တော်၏ အဓိက မြောင်းကိုးခုတွင် တစ်ခုအပါအဝင်ဖြစ်သည့် ရွှေတချောင်းမြောင်းပေါင်ကိုဖျက်ကာ တံတားထိုးရန်ကြံစည်သူကို ပြည်သူပိုင်ဖျက်ဆီးမှုဖြင့် အရေးယူထားပြီး ပူးပေါင်းကြံစည်သည့် စည်ပင်ဝန်ထမ်းကို စုံခုံဖွဲ့စစ်ဆေးနေကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

ပြီးခဲ့သောရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောင်းရေလျှံကာ သံလျက်မော်အရှေ့၊ ကျွန်းလုံးဥသျှောင် စသည့်ရပ်ကွက်များအတွင်း ရေဝင်ခဲ့၍ မြို့တော်စည်ပင်ကစစ်ဆေးခဲ့ရာမှ တံတားထိုးရန် ရည်ရွယ်ချက်ဖြင့် ရွှေတချောင်း မြောင်းပေါင်ဖျက်ထားသည်ကို တွေ့ခဲ့ရသည်ဟု မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ 

“အိမ်ရှင်က စည်ပင်ဝန်ထမ်းကို ငွေပေးပြီး လုပ်ခိုင်းတယ်ပြောတယ်။ ဝန်ထမ်းက (ငွေ) မယူဘူးပြောတယ်။ အဲဒါကို စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စစ်တော့မှာပါ”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် မြောင်းပေါင်ကိုဖျက်ကာ တံတားထိုးရန်ကြံစည်သည့်အိမ်ရှင်ကို မြောင်းပေါင်တန်ဖိုး၏ငါးဆ ငွေကျပ် ၁၂ သိန်းခန့် ပေးလျော်စေပြီး စည်ပင်ဝန်ထမ်းကို စစ်ဆေးနေခြင်းဖြစ်သည်။

“ပြည်သူပိုင်ဖျက်ဆီးမှုနဲ့ အိမ်ရှင်ကို အရေးယူဦးမယ်။ တကယ်လို့ ဝန်ထမ်းကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့တယ်ဆိုရင် ဝန်ထမ်းစည်းကမ်းအရ ပြင်းထန်စွာအရေးယူမှာ။ ဝန်ထမ်းက ငွေမယူဘဲနဲ့ အိမ်ရှင်က ယူတယ်ပြောရင် အိမ်ရှင်ကို အရေးယူမယ်။ အိမ်ရှင်က သူ့ဘာသာသူလုပ်ပြီး ဝန်ထမ်းအပေါ် အပြစ်ပုံချတယ်ဆိုရင် သူ့ကို စည်ပင်သာယာက တရားစွဲမှာ”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ထပ်မံပြောဆိုသည်။

ရွှေတချောင်းမြောင်းသည် အိုးဘို၊ ရွှေကျင်ချောင်းထိပ်မှ ကပ်ကျော်ရေတံခါးအထိ တောင်မြောက်စီးဆင်းသော မြောင်းဖြစ်ပြီး အရှည်ပေ ၃၇၇၄၁ ရှိကာ မန္တလေး မြို့ရှိ အဓိကမြောင်းများအနက် အရှည်ဆုံးမြောင်းဖြစ်သည်။ 

ရွှေတချောင်းမြောင်းပေါ်တွင် တံတားထိုးခြင်း၊ ဈေးဆိုင်နှင့်အိမ်များဆောက်ခြင်း၊ ပစ္စည်းများထားခြင်းတို့ကြောင့် ရေကြီး ရေလျှံမှုများဖြစ်နေပြီး မြို့တော်စည်ပင်အနေနှင့်လည်း အမှိုက်ဆယ်ယူရေးလုပ်ငန်းများတွင် အခက်အခဲဖြစ်ရသည်။ 

M-07




FOLLOW US