News

POST TAGGED AS

စည်ပင်သာယာရေး

မိတ္ထီလာ အဓိကရေထွက်ပေါက် စည်သူချောင်းပြန်ဆယ်


မိတ္ထီလာ၊ မေ ၁၀

မိတ္ထီလာမြို့လယ်ရပ်ကွက်များမှ စွန့်ပစ်ရေများစီးဆင်းရာ အဓိကရေထွက်ပေါက်ဖြစ်သော စည်သူချောင်း တိမ်ကောနေပြီဖြစ်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီက ပြန်လည်ဆယ်ယူနေပြီဖြစ်သည်။

စည်သူချောင်းတစ်လျှောက်ရှိ အောင်ဇေယျာရပ်ကွက်အတွင်းပိုင်း တိမ်ကောနေပြီဖြစ်သောကြောင့် အဆိုပါချောင်းတွင်းမှ နုန်းနှင့်အမှိုက်များကို မေလ ၁၀ ရက်နေ့ကစ၍ ပြန်လည်ဆယ်ယူနေပြီဖြစ်ကြောင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်နီလာဝင်းက ပြောကြားသည်။ 

“ဆည်မြောင်းဘက်က စက်ယန္တရားတွေအကူအညီပေးပါတယ်။ စည်ပင်က ဆီစိုက်တယ်။ ရပ်ကွက်ကလည်းစိုက်တယ်။ အောင်မြေသာစည် ကျောင်းဘက်က ပြွန်ကြီးနဲ့ အောင်ဇေယျာရပ်က တစ်စိတ်တစ်ပိုင်းတော့ပြီးသွားပြီ။ နောက်သုံးလေးရက်လောက်ဆိုရင် လုပ်ငန်းပြီးပါမယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါချောင်းကို ဆည်မြောင်းဦးစီးဌာန၏ မြေတူးစက်ဖြင့် အရှည်ပေ ၃၀၀၀ ခန့်၊ အကျယ် ၁၅ ပေခန့်နှင့် အနက်လေးပေခန့်ရှိသောအပိုင်းကို ပြန်လည်ဆယ်ယူနေခြင်းဖြစ်ကြောင်း၊ ဆီဖိုးကုန်ကျစရိတ်ကို ရပ်ကွက်နေပြည်သူများက မျှဝေပေးကာ မြို့နယ်စည်ပင်သာယာရေးကော်မတီက ချောင်းသန့်ရှင်းရေးအတွက် မိလ္လာပိုက်သွယ်ခြင်းနှင့် အညစ်အကြေးနှင့်အမှိုက်ပစ်ခြင်းများမပြုလုပ်ရန် စိစစ်နေကြောင်း ရပ်ကွက်နေသူများထံမှ စုံစမ်းသိရသည်။ 

မိတ္ထီလာကန်ကူးတံတား အရှေ့ဘက်ခြမ်း (မိတ္ထီလာမြို့ပေါ်ဧရိယာ၏ ထက်ဝက်ခန့်)မှ စွန့်ပစ်ရေများသည် စည်သူချောင်းအတွင်းသို့စီးဝင်ရာ ချောင်းအကျယ်အဝန်းနှင့် ရေဝင်ရောက်မှုမမျှ၍ မိုးရာသီတွင် ချောင်းဘေးရှိ လူနေအိမ်များအတွင်းသို့ ရေများလျှံတက်လေ့ရှိပြီး နွေရာသီနှင့် ဆောင်းရာသီများတွင် မြောင်းအတွင်း မိလ္လာသွယ်ခြင်းနှင့် အညစ် အကြေးအမှိုက်များပစ်ခြင်းတို့ကြောင့် မြောင်းဘေးတွင် နေထိုင်သူများအနေနှင့် အနံ့အသက်ဆိုးများခံစားရပြီး ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်နေကြသဖြင့် ပိတ်ဆို့နေသောချောင်းကို ပြန်လည်ဆယ်ယူခြင်းဖြစ်ကြောင်း၊ နယ်မြေ (၁၁) ရာအိမ်မှူး ဦအောင်ငွေက ပြောကြားသည်။

စည်သူချောင်းတစ်လျှောက်တွင် အိမ်ခြေ ၂၄၀၀ ကျော်ရှိကြောင်း အဆိုပါချောင်းတစ်ဝိုက်တွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

R-01



FOLLOW US