News

POST TAGGED AS

စည်ပင်သာယာရေး

ရာထူးချခံရသည့် ဧရာဝတီတိုင်း စည်ပင်သာယာညွှန်ကြားရေးမှူး ပင်စင်လျှောက်မှု တိုင်းအစိုးရ လက်မခံ
ပုသိမ်၊ ဧပြီ ၂၉

နိုင်ငံ့ဝန်ထမ်းများ၏ ဘဏ္ဍာရေး ဆိုင်ရာသုံးစွဲခြင်း စည်းကမ်းချိုးဖောက်မှု အပါအဝင် အခြားသောကိစ္စရပ်များကြောင့် ရာထူးလျှော့ချခံရသော ဧရာဝတီတိုင်း စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်က ပင်စင်ဖြင့် နုတ်ထွက်ခွင့်လျှောက်ထားမှုကို တိုင်းအစိုးရက လက်မခံကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။ 

ဧပြီလ ၂၇ ရက်က ကျင်းပသော ဧရာဝတီတိုင်းအစိုးရ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ လက်မခံခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်က ပင်စင်ဖြင့် နုတ်ထွက်ခွင့်လျှောက်ထားမှုမှာ ၎င်းကို အစိုးရအဖွဲ့ အရေးယူနေသည့် အချိန်တွင် တင်ပြလာခြင်းဖြစ်ကြောင်း၊ ဧပြီလ ၁၉ရက်က အရေးယူသော်လည်း ဧပြီလ ၂၀ ရက်တွင် ပင်စင်ဖြင့် နုတ်ထွက်ခွင့်ကို ဧပြီလ ၁၈ ရက် နေ့စွဲဖြင့် တင်ပြလာကြောင်း၊ ယင်းကြောင့် ရုံးလုပ်ထုံးလုပ်နည်းအရ အသိအမှတ်ပြု၍ မရကြောင်း ၎င်းက ပြောဆိုသည်။ 

“အစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်အတိုင်း တစ်ဆင့်နိမ့် ရာထူးလျှော့ချထားတဲ့ ဖျာပုံမြို့နယ် စည်ပင်သာယာ အမှုဆောင် အရာရှိတာဝန်ကို လွှဲပြောင်း လက်ခံပြီးတဲ့အခါမှ ပင်စင်တင်ချင်တယ်ဆိုရင် တင်ပြလို့ရမှာ ဖြစ်ပါတယ်။ ခုလို အမိန့်တစ်ခု ထုတ်ပြန်ထားတဲ့ အချိန်မှာတော့ ကြားဖြတ်ပြီး ပင်စင်တင်လာတာကို လက်ခံလို့မရပါဘူး”ဟု ၎င်းက ရှင်းပြသည်။ 

အဆိုပါ ညွှန်ကြားရေးမှူးမှာ နိုင်ငံ့ဝန်ထမ်းများ၏ ဘဏ္ဍာရေးဆိုင်ရာသုံးစွဲခြင်း စည်းကမ်းချိုးဖောက်မှု အပါအဝင် ၎င်းမှာ ပုသိမ်မြို့ ကမ်းနားလမ်း ကုန်စည်ဒိုင်တည်ဆောက်ရာတွင် စည်ပင်သာယာအဖွဲ့၏ ရန်ပုံငွေကို သီးခြားဘဏ်စာရင်းဖွင့်ခြင်း၊ အစိုးရသစ်လက်ထက်တွင် ဆောင်ရွက်ရမည့် စီမံကိန်းဘတ်ဂျက်ငွေများကို ကြိုထုတ်၍ အစိုးရဟောင်း လက်ထက်တွင် သုံးစွဲခြင်း၊ အစိုးရအဖွဲ့တားမြစ်ထားသော အဆောက်အအုံကို ၎င်း၏ သဘောဆန္ဒဖြင့် ခွင့်ပြုခဲ့ခြင်း၊ အစိုးရအဖွဲ့ကို မတင်ပြဘဲ ဥက္ကဋ္ဌနေရာယူ၍ လေလံလုပ်ငန်းများနှင့်ကတ္တရာ ဝယ်ယူခြင်းတို့ကို ဆောင်ရွက်ခြင်း၊ အစိုးရအဖွဲ့၏ လမ်းညွှန်ချက်မရှိဘဲ ဝန်ထမ်းများကို ရာထူးနေရာ ပြောင်းရွှေ့ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း တိုင်းအစိုးရထံမှ သိရသည်။ 

ယင်းကဲ့သို့ လုပ်ဆောင်မှုများကြောင့် ဧပြီလ ၁၉ ရက်က ကျင်းပသော တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်ကို ရာထူးလျှော့ချအရေးယူခဲ့ကြောင်း တိုင်းအစိုးရထံမှ သိရသည်။ 

R-12



FOLLOW US