News

POST TAGGED AS

စည်ပင်သာယာရေး

မကွေးစည်ပင် အဖွဲ့ဝင်ရွေးချယ်ရာတွင် လူတစ်ဦး မဲတစ်မဲပေးခွင့်ရရန်ဆွေးနွေး
မကွေး၊ ဧပြီ ၂၈

မကွေးတိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးကော်မတီဝင်များ ရွေးချယ်ရာတွင် လူတစ်ဦးလျှင် မဲတစ်မဲ ပေးခွင့်ရရန် လက်ရှိစည်ပင်ဥပဒေနှင့် နည်းဥပဒေများ ပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူများက မကွေးဟိုတယ်တွင် ဧပြီ ၂၈ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်၊ မန္တလေးနှင့် ချင်းပြည်နယ်တို့တွင် စည်ပင်ကော်မတီအဖွဲ့ဝင်များ ရွေးချယ်ပါက တစ်အိမ်ထောင်လျှင် တစ်မဲပေးခွင့်ရှိသော်လည်း မကွေးတိုင်းဒေသကြီးတွင် အိမ်ထောင်စု (၅၀) မှသာ တစ်မဲပေးခွင့်ရှိသဖြင့် နိုင်ငံသားများ၏ မဲပေးခွင့်ဆုံးရှုံးနေမှုများကို အရပ်ဘက်အဖွဲ့အစည်းများ၏ အသံကိုကြားခံစုစည်းကာ အကြံပြုချက်များရယူသွားမည်ဖြစ်ကြောင်း အဆိုပါပွဲကို ဦးဆောင်ကျင်းပသည့် နယူးမြန်မာဖောင်ဒေးရှင်းမှ နည်းပညာဆိုင်ရာအကြံပေး ဒေါ်မြနန္ဒာသင်းက ပြောဆိုသည်။

“မကွေးတိုင်းတစ်ခုတည်း မဟုတ်ဘဲ စည်ပင်ဥပဒေနဲ့ နည်းဥပဒေတွေကို သီးခြားပဲဖြစ်ဖြစ် လက်ရှိပဲဖြစ်ဖြစ် နည်းဥပဒေတွေ ထပ်မံထည့်သွင်းစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ စည်ပင်ကော်မတီ ရွေးချယ်တဲ့အခါမှာ လူထုကို အမှန်တကယ်ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ပါစေချင်တယ်။ နိုင်ငံသားတိုင်းပိုပြီးတော့ မဲပေးခွင့်ရအောင် အရပ်ဘက် အဖွဲ့အစည်းတွေရဲ့အသံကို ကြားခံစုစည်းပေးတာ”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါပွဲမှ ထွက်ပေါ်လာသည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းနှင့် ဆွေးနွေးချက်များနှင့် အကြံပြုချက်များကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြမည်ဖြစ်ကြောင်း နယူးမြန်မာဖောင်ဒေးရှင်းထံမှ သိရသည်။

“စည်ပင်သာယာရေး ကော်မတီအဖွဲ့ ရွေးချယ်ရေးနဲ့ပတ်သက်ပြီး သင်တန်းတွေပေးဖို့ မြို့နယ်က တာဝန်ရှိသူတွေဆီမှာ တောင်းဆိုထားပါတယ်။ ဒီဥပဒေတွေကို ပြည်သူတွေသိမှ ကိုယ်လိုက်နာရမှာကိုသိပြီး ပူးပေါင်းပါဝင်နိုင်မှာပါ။ ဌာနအနေနဲ့ ဥပဒေနဲ့ နည်းဥပဒေတွေကို မျှဝေပေးဖို့ တောင်းဆိုထားပါတယ်”ဟု မကွေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က ပြောကြားသည်။ 

လွင်အေး



FOLLOW US