News

POST TAGGED AS

စည်ပင်သာယာရေး

စည်ပင်ရေဆိုးသန့်စင်စက်ရုံကို နည်းပညာ အဆင့်မြှင့်မည်
ရန်ကုန်၊ မတ် ၎

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှ စွန့်ပစ်မိလ္လာများကို သန့်စင်ပေးနေသည့် သန်လျက်စွန်း ရေဆိုးသန့်စင်စက်ရုံကို ယခုနှစ်အတွင်း နည်းပညာအဆင့်မြှင့်တင်ရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန၊ (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“မြို့တွင်းရဲ့ မိလ္လာစွန့်ပစ်စနစ် ပိုကောင်းလာဖို့ လိုအပ်တယ်။ ဒီစက်ရုံကပဲ မြို့တွင်းက မိလ္လာအနည်အဖတ်တွေကို ရေကြည်ထွက်တဲ့အထိ အဆင့်ဆင့်သန့်စင် ပေးနေတာဆိုတော့ ရေရှည်အတွက် အသုံးပြုဖို့ အဆင့်မြှင့်တာပါ”ဟု ၎င်းက ဆိုသည်။

လက်ရှိမြို့တွင်း ခြောက်မြို့နယ်တွင် မိလ္လာကန်နှင့်မိလ္လာတွင်း ထောင်ချီရှိပြီး စွန့်ထုတ်လိုက်သော မိလ္လာအနည်အနှစ်များသည် မိလ္လာပိုက်လိုင်း လမ်းကြောင်းမှတစ်ဆင့် သန်လျက်စွန်း ရေဆိုးသန့်စင် စက်ရုံသို့ရောက်ရှိရန် ဗိုလ်တထောင်နှင့်လမ်းမတော်ရှိ လေမှုတ်စက်ရုံနှစ်ခု၏ လေဖိအားဖြင့်တွန်းပို့ကာ အဆင့်ဆင့်စစ်ဆေး၍ ဗက်တီးရီးယားပိုးမွှား ကင်းစင်သည့်အထိ သန့်စင်ရကြောင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ထံမှ သိရသည်။

ထို့အပြင် ရေဆိုးသန့်စင်သည့် စက်ရုံနှင့် တိုက်ရိုက်ချိတ်ဆက်မှု မရှိသော အခြားမြို့နယ်များရှိ အိမ်ရာစီမံကိန်းနှင့် အဆောက်အအုံ၊ အထပ်မြင့်များ၏ မိလ္လာရေဆိုး စွန့်ပစ်မှုစနစ်သည် အိမ်ရာအဝန်းအဝိုင်းများအလိုက် တစ်ပိုင်တစ်နိုင် သန့်စင်စွန့်ထုတ်ပေးသည့် ဂျပန်နိုင်ငံထုတ်စက်များ တပ်ဆင်အသုံးပြုကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့တွင်း၌ ရေဆိုးစီမံခန့်ခွဲစနစ်ကို ၁၈၈၈ ခုနှစ်မှစ၍ တည်ဆောက် အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယခင်လူဦးရေ နည်းပါးစဉ်က မစင်အညစ်အကြေး စွန့်ထုတ်မှုမှာ မသိသာခဲ့သော်လည်း လက်ရှိ ပင်မ မိလ္လာပိုက်လိုင်းသည် နှစ်ပေါင်းတစ်ရာကျော် ကြာမြင့်လာခြင်းကြောင့် အကြီးစားပြုပြင်ထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း မြို့ပြထိန်းသိမ်းရေးပညာရှင် တစ်ဦးက ပြောကြားသည်။

“တိုးပွားလာတဲ့ လူဦးရေအချိုးအစားနဲ့ပဲ ယှဉ်ကြည့်ဦး။ ရန်ကုန်ရဲ့ မိလ္လာစနစ်က အဆင့်မြှင့်တင်ဖို့ အများကြီးလိုပါသေးတယ်။ ဒီအတွက် မြို့တော်စည်ပင်က ကြိုတင်ပြင်ဆင်ထားသင့်တယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ရန်ကုန်မြို့၌ ၂၀၄၀ ပြည့်နှစ်တွင် တိုးပွားလာမည့် လက်ရှိဦးရေ၏နှစ်ဆ လူဦးရေဆယ်သန်းနှင့် ညီမျှသော ရေဆိုးစွန့်ပစ်မှုစနစ်အပြင် မိလ္လာစွန့်ပစ်မှု စနစ်များနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲရမည့် စီမံချက်ကို ရေးဆွဲထားပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ထံမှ သိရသည်။

J-17



FOLLOW US