News

POST TAGGED AS

စည်ပင်သာယာရေး

မန္တလေး စည်ပင်လိုင်စင်ကြမ်းခင်းဈေး ၁၀ ရာခိုင်နှုန်း တိုးမြှင့်ရန်စီစဉ်


မန္တလေး၊ ဖေဖော်ဝါရီ ၂၈

မြို့တော်စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲခွင့်ရှိ မြို့နယ်ခြောက်ခုအတွင်းမှ အရပ်ရပ်ဆိုင်ရာလုပ်ငန်းများ (အခွင့်အရေးလိုင်စင်များ) အတွက် လေလံကြမ်းခင်းဈေးကို ယခင်နှစ်များထက် ၁၀ ရာခိုင်နှုန်းတိုးမြှင့်ရန် စီစဉ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်းများဖြစ်သည့် ရေချိုးရုံ အိမ်သာကောက်ခံခွင့်၊ စက်ဘီး၊ ဆိုင်ကယ်၊ ကားအပ်နှံခ ကောက်ခံခွင့်၊ အပေါင်ဆိုင်လုပ်ငန်းများ၊ လမ်းဘေးဈေး ကောက်ခံခွင့်အစရှိသည့် အခွင့်အရေး အရပ်ရပ်ဆိုင်ရာ လုပ်ငန်းများကို ၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီမှ စက်တင်ဘာလအထိ) ခြောက်လအတွက် တင်ဒါခေါ်ယူရာတွင် ကြမ်းခင်းဈေး ၁၀ ရာခိုင်နှုန်းတိုးမြှင့်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

“ကျွန်တော်တို့စည်ပင်က မြို့တော်သာယာဖွံ့ဖြိုးမှုအတွက်၊ သန့်ရှင်းသပ်ရပ်မှုအတွက် လုပ်ဆောင်ပေးရတာတွေက ပိုများလာတယ်။ ဒါတွေလုပ်နိုင်ဖို့ ငွေလိုသလို၊ တင်ဒါကြေးတွေတိုးမကောက်ဘဲနဲ့ ဒီအတိုင်းသွားမယ်ဆိုရင် တိုးတက်မလာနိုင်ဘူးလို့ ယူဆတယ်။ ဒါကြောင့် တင်ဒါကြေးပိုရှာရတာပါ”ဟု ၎င်းက ရှင်းပြသည်။

မြို့တော်စည်ပင်သာယာရေး ကော်မတီအနေနှင့် လေလံချထားပေးရာတွင် လုပ်ငန်းအမျိုးအစားပေါင်း ၁၅ မျိုးအထိ ရှိနေပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၄၄၇ ခုမှနေ၍ တင်ဒါကြေး ကျပ်သန်း ၁၈,၃၂၉,၄၈၈,၃၀၆ ရရှိခဲ့ကြောင်း စည်ပင်သာယာရေးကော်မတီ အခွန်ဌာန၏ စာရင်းများအရ သိရသည်။

အဆိုပါ အရပ်ရပ်ဆိုင်ရာလုပ်ငန်း လိုင်စင်များကို တင်ဒါဆွဲလုပ်ကိုင်နေသူများအနက် အမြတ်အစွန်းရသူများ ရှိသကဲ့သို့ တင်ဒါကြေးပင်ပြန်မရဘဲ အရှုံးနှင့်ရင်ဆိုင်နေရသူများ ရှိနေကြောင်း၊ ယင်းကြောင့် တင်ဒါဈေးမတက်ဘဲ ညှိနှိုင်းပေးသင့်ကြောင်း ဆိုင်ကယ်အပ်နှံခ ကောက်ခံခွင့်အတွက် လေလံဆွဲဝယ်မည့် လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

တင်ဒါအောင်မြင်ခဲ့သော လုပ်ငန်းရှင်အချို့သည် တင်ဒါစည်းကမ်း ဖောက်ဖျက်မှုများ ရှိနေသောကြောင့် စည်ပင်သာယာရေး ကော်မတီအနေနှင့် လုပ်ငန်းရှင်အသစ်များကို လုပ်ကိုင်စေလိုသော ဆန္ဒရှိနေသည်။ 

“လုပ်ငန်းရှင်အဟောင်းတွေ တင်ဒါ စည်းကမ်းဖောက်ဖျက်တာတွေ အများကြီးရှိခဲ့တယ်။ ကျွန်တော်တို့ စည်ပင်အနေနဲ့ စည်းကမ်းပြည့်ဝတဲ့ လုပ်ငန်းရှင်အသစ်တွေကို လုပ်ကိုင်စေချင်တယ်”ဟု ဦးကျော်ဇောအောင်က ပြောဆိုသည်။ 

M-04



FOLLOW US