News

POST TAGGED AS

စည်ပင်သာယာရေး

ရန်ကုန်မြစ်အတွင်း အမှိုက်ကင်းစင်ရေးလှုပ်ရှားမှု ဗိုလ်တထောင်ဆိပ်ကမ်းတွင် အမှိုက်ကောက်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရန်ကုန်မြစ်အတွင်း ပလတ်စတစ်နှင့် အမှိုက်များ ကင်းစင်ရေးလှုပ်ရှားမှုအဖြစ် ဗိုလ်တထောင်ဆိပ်ကမ်း ဧရိယာများတွင် ယနေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) မွန်းလွဲ ၃ နာရီမှ ၅ နာရီထိ နယ်သာလန် အခြေစိုက်ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းအမှိုက်ကောက်မည်ဖြစ်သည်။

အဆိုပါလှုပ်ရှားမှုတွင် နယ်သာလန် သံရုံးမှတာဝန်ရှိသူများနှင့် ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများနှင့် စည်ပင်ဝန်ထမ်းများပါဝင်သည့် စုစုပေါင်း လူဦးရေ ၃၀၀ ကျော်ခန့်က အမှိုက်ကောက်မည်ဖြစ်ကြောင်း တာဝန်ယူဆောင်ရွက်သည့် Royal Haskoning DHV Myanmar ကုမ္ပဏီမှ စီစဉ်သူ ဦးအောင်သူရလှိုင်က ပြောကြားသည်။

“အဓိကတော့ မြစ်အတွင်းမှာ အမှိုက်တွေအရမ်းများတဲ့အတွက် ပြည်သူတွေကြား အသိပညာပေးမှုအပိုင်းကို ဆောင်ရွက်တာပါ။ နောင်နှစ်တွေလည်း လုပ်သွားဖို့ စီစဉ်ထားတယ်”ဟု ၎င်းက ဆိုသည်။

ဗိုလ်တထောင်ကမ်းနား ဧရိယာများအတွင်း အမှိုက်များဆယ်ယူရန် စည်ပင်သာယာရေးကော်မတီမှ အရာထမ်းများနှင့် အောက်ခြေဝန်ထမ်းများလည်း ပူးပေါင်းပါဝင်မည်ဖြစ်ပြီး အမှိုက်သိမ်းကားနှစ်စီးကို ကနဦး စီစဉ်ထားမည်ဖြစ်ကြောင်း၊ ပြည်သူများအကြား အမှိုက်မပစ်စေရန်လည်း ပညာပေးဆောင်ရွက်မှုများ ပါဝင်မည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။

“မြစ်ထဲမှာ အမှိုက်တွေများလာရင် ရေနေသတ္တဝါတွေအတွက် ရှင်သန်ဖို့ ခက်ခဲတယ်။ အဓိကတော့ ပလတ်စတစ်ပေါ့။ ရေနေသတ္တဝါတွေအတွက် ရှင်သန်ရတာ ခက်ခဲစေတယ်။ ဒါကြောင့် ဒီကမ်ပိန်းကိုလုပ်တာပါ”ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဗိုလ်တထောင်ကမ်းနားတွင် အမှိုက်ကောက်လှုပ်ရှားမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်းက ဝါးတန်းဆိပ်ခံတံတားတွင်လည်း အမှိုက်ကောက်သည့်ကမ်ပိန်းကို ဆောင်ရွက်ခဲ့ကြောင်း Royal Haskoning DHV Myanmar ကုမ္ပဏီထံမှ သိရသည်။



FOLLOW US