News

POST TAGGED AS

စည်ပင်သာယာရေး

မော်လမြိုင် ဒိုင်ဝန်ကွင်းဈေးအသစ် ပြန်လည်တည်ဆောက်


မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ် မော်လမြိုင်မြို့၏ အဓိကဈေးတစ်ခုဖြစ်သည့် ဒိုင်ဝန်ကွင်းဈေးကို ငွေကျပ်သန်းပေါင်း ၁၈၀၀ ကျော်အသုံးပြု၍ ယခုလအတွင်း အသစ်ပြန်လည်တည်ဆောက်ရန်ရှိကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိပြီး အန္တရာယ်ရှိ အဆောက်အအုံတစ်ခုဖြစ်သည့် ဒိုင်ဝန်ကွင်းဈေးအသစ် ပြန်လည်တည်ဆောက်ရန်အတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခေါင်းစဉ်ဖြင့် ဘတ်ဂျက်ငွေ ကျပ်သန်း ၁၈၀၀ ကျော် ရရှိထားပြီးဖြစ်သည်။

“အချိန် လေးငါးလလောက်ယူရမယ်၊ ဒီလအတွင်းမှာ ပန္နက်ချဖို့ ဖြစ်မှာပါ”ဟု မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်သိန်းက ဆိုသည်။

သုံးထပ်ဆောင်ဈေးအသစ် တည်ဆောက်ရန်အတွက် ဈေးအဟောင်းကို ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စတင်ဖျက်ဆီးခဲ့ပြီး ဈေးသည်များကို ကလျာဏီသိမ် မူလတန်းကျောင်းရှေ့ မီးရထားချဉ်းကပ်လမ်းအောက်တွင် မဲနှိုက်စနစ်ဖြင့် ယာယီပြောင်းရွှေ့ထားခဲ့သည်။

ယာယီပြောင်းရွှေ့ထားပေးသည့်နေရာတွင် အရောင်းအဝယ်ကျသွားသည့်အတွက် ဈေးအသစ်ကို အမြန်ဆုံး တည်ဆောက်ပေးစေလိုသည်ဟု ဈေးသူ/ဈေးသား အချို့က ပြောကြားသည်။

ဈေးတည်ဆောက်မှု ပြီးစီးသွားပါက ဈေးသည်များကို အောက်ဆုံးထပ်တွင် နေရာချပေးသွားမည်ဖြစ်ပြီး ကျန်အပေါ်ထပ်နှစ်ထပ်ကို အခြားလုပ်ငန်းများ ဆောင်ရွက်ရန်ရှိကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ဒိုင်ဝန်ကွင်းဈေးတွင် ဈေးဆိုင်ခန်း ၁၉၀ ကျော်ရှိကြောင်း၊ ပျံကျဈေးဆိုင် ၂၀၀ ခန့်ရှိကြောင်း ဈေးအကျိုးတော်ဆောင်ထံမှ သိရသည်။

၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခေါင်းစဉ်ဖြင့် မော်လမြိုင်မြို့ရှိ သံလွင်ငါးဈေးပြောင်းရွှေ့ရေးနှင့် ဒိုင်ဝန်ကွင်းဈေးအသစ် တည်ဆောက်ရန်အတွက် ဘဏ္ဍာငွေရရှိထားပြီး ဒိုင်ဝန်ကွင်းဈေးအတွက် လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိသည်။ သံလွင်ငါးဈေး ပြောင်းရွှေ့ရေး မြေနေရာ မရရှိသေးဟုဆိုကာ ယနေ့အချိန်အထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

Dawei Watch



FOLLOW US