News

POST TAGGED AS

စည်ပင်သာယာရေး

လူခေါ်ပွဲစားနှင့် စည်းကမ်းမဲ့အငှားယာဉ်များ ထိရောက်စွာကိုင်တွယ်ပေးရန် ယာဉ်လိုင်းပိုင်ရှင်အချို့ အကြံပြု


ရန်ကုန်၊ ဇန်နဝါရီ ၂၀

အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းအတွင်း စည်းကမ်းမဲ့ လူခေါ်ပွဲစားများနှင့် စည်းကမ်းမဲ့ အငှားယာဉ်များကို ရှင်းလင်းရာတွင် အားနည်းလျက်ရှိသဖြင့် တိုင်းအစိုးရကိုယ်တိုင်ကွပ်ကဲကာ စနစ်တကျဆောင်ရွက်မှသာလျှင် ပပျောက်နိုင်မည်ဖြစ်ကြောင်း အဝေးပြေးယာဉ်လိုင်းပိုင်ရှင်အချို့နှင့် ခရီးသည်များက ဝေဖန်အကြံပြု ပြောကြားသည်။

စည်းကမ်းမဲ့လူခေါ်ပွဲစားများကို စည်ပင်ဥပဒေအပါအဝင် အများပြည်သူနှောင့်ယှက်မှု ရာဇသတ်ပုဒ်မ ၂၆၈ တို့ဖြင့် ဖမ်းဆီးအရေးယူနေသော်လည်း ဇန်နဝါရီလ ၁ ရက်မှ ၃ ရက်အထိ စည်းကမ်းဖောက်ဖျက်သည့် အမျိုးသား ၇ ဦးသာ ဖမ်းဆီးအရေးယူထားနိုင်ကြောင်း အောင်မင်္ဂလာအဝေးပြေးလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။ 

“ရိုးရိုးသားသား လုပ်ကိုင်စားသူက ရှားလာပြီ။ ဆယ်ယောက် ၇ ယောက်က ပစ္စည်းအလစ်သုတ်တယ်။ ခရီးသည်ကို အန္တရာယ်ပြုတိုက်ခိုက်တယ်။ အခုရှင်းနေပေမယ့် စနစ်တကျလုပ်တာမဟုတ်တော့ ပပျောက်ဖို့ မလွယ်ဘူးလေ။ တိုင်းအစိုးရအစီအစဉ်နဲ့ ဆောင်ရွက်စေချင်တယ်”ဟု ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက မှတ်ချက်ပြုသည်။

ယင်းအပြင် အောင်မင်္ဂလာအဝေး ပြေးဝင်းအတွင်း စည်းကမ်းမဲ့ရပ်နားထားသည့် အငှားယာဉ်မောင်းများကလည်း ခရီးသည်များကို အတင်းအဓမ္မ ခေါ်ယူမှုကြောင့် လိမ်လည်မှုနှင့် လုယက်မှုဖြစ်စဉ်များ ဖြစ်ပွားနေကြောင်း ယာဉ်လိုင်းပိုင်ရှင် အချို့နှင့်စီးနင်းဖူးသူခရီးသည်များထံမှ စုံစမ်းသိရှိရသည်။

လက်ရှိ စည်းကမ်းမဲ့ရပ်နားလျက်ရှိသည့် အငှားယာဉ်မောင်းများမှာ နံနက် ၃ နာရီမှ ၅ နာရီဝန်းကျင်ခန့် အဝေးပြေးဝင်းအတွင်းသို့ ဆိုက်ရောက်လာသည့် ခရီးသည်များကို အတင်းအဓမ္မခေါ်ယူမှုများ ရှိနေကြောင်းနှင့် ခရီးသည်များ လုံခြုံရေးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေနှင့် ပူးပေါင်းဖြေရှင်းပေးရန် လိုအပ်ကြောင်း အဝေးပြေးဝင်းအတွင်းရှိ ယာဉ်လိုင်းပိုင်ရှင်အချို့က ပြောကြားသည်။

“အခု ဝင်းထဲက တက္ကစီတွေက မြို့ထဲကတက္ကစီသမားတွေ မဟုတ်ပါဘူး။ ဒီနယ်မြေထဲက နယ်ခံတက္ကစီတွေပါ။ မြို့ထဲကတက္ကစီသမားတွေကလည်း ဒီနယ်မြေခံ တက္ကစီကိုကြောက်လို့ ရှောင်တယ်။ အဓိကခရီးသည်တွေ လုံခြုံမှုရှိအောင် ညဘက် ရန်ကုန်ဆိုက်တဲ့ ယာဉ်လိုင်းတွေအနေနဲ့ မြို့တွင်းအထိ ဖယ်ရီတွေနဲ့ အရောက်ပို့ပေးနိုင်ရင် ပိုကောင်းပါတယ်”ဟု အောင်မင်္ဂလာဝင်း (ပစောက်) အတွင်းရှိ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ဆိုသည်။

ထိုသို့ ခရီးသည်များကို အတင်းအဓမ္မခေါ်ယူကာ လိမ်လည်မှုများနှင့် လုယက်မှုဖြစ်စဉ်များ အောင်မင်္ဂလာအဝေးပြေးဝင်းရှိ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နေသည့် စည်ပင်ရဲတပ်ဖွဲ့မှ စောင့်ကြည့်အရေးမှု အားနည်းနေခြင်းဖြစ်ကြောင်း အောင်မင်္ဂလာအဝေးပြေးကွင်းနေသူ အချို့က ပြောကြားသည်။

“ဥပဒေကို ထိထိရောက်ရောက် မလုပ်တာက ဆိုးတယ်။ ရိုက်နှက်လိုက်တောင် ဒါဘယ်သူ့လက်ချက်ဆိုတာ တာဝန်ရှိသူတွေ သိပြီးသားပါ။ လူပေါင်းများစွာ ဝင်ထွက်နေတဲ့ အဝေးပြေးက အခုဆို ခိုးဆိုးလုနှိုက်တွေ လုပ်စားဖို့ အကောင်းဆုံးနေရာတစ်ခုလို ဖြစ်နေပြီ”ဟု အောင်မင်္ဂလာအဝေးပြေးဝင်းရှိ YBS ၃၆ ယာဉ်လိုင်းဂိတ်မှ ယာဉ်မောင်းတစ်ဦးက ဆိုသည်။

လက်ရှိ ယာဉ်လိုင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနည်းပြီး ယာဉ်လိုင်းပိုင်ရှင်များနှင့် တိုင်းအစိုးရအဖွဲ့ ထိတွေ့မှု နည်းပါးသည့်အပြင် ယာဉ်လိုင်းပိုင်ရှင်များအနေနှင့် အကြံဉာဏ်ပေးခွင့် မရှိသည့်အတွက် တိုင်းအစိုးရအဖွဲ့အနေနှင့် လစ်ဟာနေခြင်းများကို မသိရှိသောကြောင့် ယခုကဲ့သို့ အောင်မင်္ဂလာအဝေးပြေးအတွင်း တရားဥပဒေ စိုးမိုးမှုအားနည်းနေခြင်းဖြစ်ကြောင်း ယာဉ်လိုင်းပိုင်ရှင်များထံမှ သိရသည်။

“ခရီးသည်လာပို့ရင် ဒီကခရီးသည်ကို မတင်ရဲဘူး။ ပို့ပြီးတာနဲ့ပြန်တာ။ ခရီးသည်လာပို့တဲ့အခါ ပစောက်ဝင်းက ပိုဆိုးတယ်။ စည်းကမ်းမဲ့ရပ်နားထားတဲ့ အငှားယာဉ်တွေက အတင်းလုငှားပြီးတင်ကြတယ်။ သူတို့အုပ်စုနဲ့သူတို့ ခရီးသည်ကို ခေါ်ကြတာများတယ်။ ကိုယ်တွေက သွားခေါ်လို့မရဘူး။ ရန်လုပ်ခံရတယ်”ဟု အငှားယာဉ်မောင်းဖြစ်သူ ကိုမင်းနိုင်က ဆိုသည်။

ယခုလက်ရှိ အောင်မင်္ဂလာအဝေး ပြေးကားဝင်းတွင် ယာဉ်လိုင်း ၁၁၆ လိုင်းမှ ယာဉ်စီးရေ ၁၇၆၅ စီး ပြေးဆွဲလျက်ရှိပြီး ဒဂုံဧရာအဝေးပြေးဝင်းတွင် ယာဉ်လိုင်း ၄၃ လိုင်းမှ ယာဉ်စီးရေ ၄၂၃ စီး ပြေးဆွဲလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အဝေးပြေးထံမှ သိရသည်။

J-10၊ J-17



FOLLOW US