News

POST TAGGED AS

စည်ပင်သာယာရေး

ရန်ကုန် ဆိုင်ကယ်ဘေးတွဲများကို ဖမ်းတော့မည်


ရန်ကုန်၊ ဇန်နဝါရီ ၁၆

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်အတွင်းရှိ မြို့နယ်အချို့၌ ဆိုင်ကယ်တွင် အနှေးယာဉ်ဘေးတွဲတပ်ဆင်ကာ မောင်းနှင်ပြေးဆွဲနေမှုများကို ဖမ်းဆီးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

လက်ရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်ဘေးတွဲများ စီးနင်းမှုများလာသည့်အတွက် မြို့နယ်စည်ပင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“အနှေးယာဉ်ကျတော့ စည်ပင်ဥပဒေနဲ့ တရားစွဲဆိုအရေးယူတယ်။ အခုက ဆိုက်ကားဘေးတွဲကို ဆိုင်ကယ်မှာတပ်ပြီး မောင်းနှင်တာတွေကို ပူးပေါင်းအဖွဲ့နဲ့ ဖမ်းဆီးဖို့ လုပ်မယ်။ အခုလက်ရှိ ပူးပေါင်းအဖွဲ့နဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးနေပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ အင်းစိန်၊ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်တို့တွင် ဆိုင်ကယ်ဘေးတွဲများဖြင့် ခရီးသည်တင်ကာ ကယ်ရီပြေးဆွဲနေမှုများရှိနေပြီး ယင်းဆိုင်ကယ်တွင် အနှေးယာဉ်ဆိုက်ကားဘေးတွဲ တပ်ဆင်မှုအတွက် ကျပ်သုံးသိန်းမှ လေးသိန်းခန့် ကုန်ကျကြောင်း ယင်းမြို့နယ်တွင်နေထိုင်သည့် ပြည်သူများထံမှ သိရသည်။

“ဆိုင်ကယ်အဟောင်းကို ဝယ်တယ်။ ဆိုက်ကားက ဘေးတွဲကို ဝရိန်ဆော်ပြီး တပ်ဆင်ကြတယ်။ ဆိုင်ကယ် အဟောင်းကလည်း နှစ်သိန်းလောက်ဆို ရပြီ။ သုံးသိန်းဆို တစ်စီးဆင်လို့ရပြီ။ ဆိုင်ကယ်ဘေးတွဲက ပစ္စည်းတင်ဖို့ဆိုလည်း ဆိုက်ကားထက်အဆင်ပြေတော့ ဆင်ခြေဖုံးမြို့နယ်တွေမှာ အလုပ်ဖြစ်နေတယ်။ ဖမ်းဆီးမယ်ဆိုရင် ဆိုင်ကယ်ရော၊ ဆိုင်ကယ်ဘေးတွဲရော အကုန်ဖမ်းဖို့လိုတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ကိုလင်းလင်းက ဆိုသည်။

ထို့ပြင် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းမကြီးနှင့်လမ်းသွယ်များတွင် အနှေးယာဉ်များ မောင်းနှင်ခွင့်ကို ကန့်သတ်ဧရိယာသတ်မှတ်ထားပြီး မောင်းနှင်ခွင့်မရှိသည့်ဧရိယာတွင် စည်းကမ်းမဲ့မောင်းနှင်ပါက စည်ပင်သာယာဥပဒေအရ တရားစွဲဆိုကာ အရေးယူဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် တရားဝင်လိုင်စင်ပြုလုပ်ထားသည့် အနှေးယာဉ်စာရင်းမှာ မြောက်ဥက္ကလာပမြို့နယ်တွင် အနှေးယာဉ်အစီးရေ နှစ်ထောင်ခန့်နှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် အနှေးယာဉ်စီးရေ ၁၄၀၀ ခန့်ရှိကြောင်း ယင်းမြို့နယ်ရှိ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ယခုလက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်တွင် ဆိပ်ကြီးခနောင်တိုနှင့် ဒလမြို့နယ်တွင်သာ ဆိုင်ကယ်စီးနင်းခွင့်ပြုထားပြီး စည်းကမ်းမဲ့စီးနင်းသည့် ဆိုင်ကယ်များကို သက်ဆိုင်ရာမှ ဖမ်းဆီးရမိသည့်အခါ ကညနတွင် မှတ်ပုံတင်ထားသော ဆိုင်ကယ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာဥပဒေနှင့်အညီ ဒဏ်ကြေးပေးဆောင်စေပြီး လိုင်စင်မဲ့ဆိုင်ကယ်များကို သွင်းကုန်၊ ထုတ်ကုန် ဥပဒေဖြင့် အရေးယူကာ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းလျက်ရှိသည်။

J-10



FOLLOW US