News

POST TAGGED AS

စည်ပင်သာယာရေး

ရန်ကုန်စည်ပင်ပြင်ပ ခုနစ်မြို့နယ် လမ်းဖောက်ရန် ကျပ် ၄၇ ဘီလီယံကျော် ထပ်တိုးသုံး ခွင့်ပြု

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်း၌ ယခုဘဏ္ဍာနှစ်အတွင်း စည်ပင်သာယာ နယ်နိမိတ်ပြင်ပရှိ မြောက်ပိုင်းနှင့် တောင်ပိုင်းခရိုင်တို့မှ မြို့နယ် ခုနစ်ခုတွင် လမ်းဖောက်ရန် ကျပ် ၄၇ ဘီလီယံကျော် ထပ်တိုး သုံးစွဲခွင့်ကို ပြည်ထောင်စုအဆင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စိစစ်ခွင့်ပြုထားပြီဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါ စီမံချက်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း တိုင်းလွှတ်တော် ၌ အတည်ပြုဆုံးဖြတ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ဆက်လက် တင်ပြခဲ့ရာမှ ယခုဘဏ္ဍာနှစ်အမီ သုံးစွဲခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကဏ္ဍအလိုက် ဝင်ငွေတိုးလို့ ဒီနှစ်ဆန်းထဲ ခွင့်ပြုတာပါ။ နောက်ပိုင်းလည်း မြို့တော် စည်ပင်ဘက်က အဓိက ဝင်ငွေရှာဖို့ မျှော်မှန်းထားတယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် မူလက ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် ငွေကျပ် ၄၂၄ ဘီလီယံကျော်ကို သုံးစွဲခွင့်ရထားခြင်းဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ အဆင့်မြှင့်တင်ရန် ကျပ် ၄၇ ဒသမ ၆ ဘီလီယံကို ထပ်တိုးသုံးစွဲခွင့်ရခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။

“၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် မကုန်မီ မှန်းဆတွက်တော့ မူလသုံးစွဲခွင့် ၄၂၄ ဘီလီယံနဲ့ လောက်ငနိုင်ခြေမရှိလို့ ထပ်တိုး သုံးနိုင်အောင် ဖြည့်စွက်ခွင့်ငွေကို ညှိနှိုင်း သတ်မှတ် တောင်းခံရတာပါ”လို့ တိုင်းအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရန်ကုန်တိုင်းလွှတ်တော်တွင် ပြောကြားထားသည်။

ထို့ကြောင့် တိုးချဲ့ဖောက်လုပ်ရေး စီမံချက်ကို တိုင်းအဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် မြို့ပြအိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဦးစီးလုပ်ဆောင်မည်ဖြစ်ပြီး လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီ၊ သုံးခွ၊ တွံတေး၊ သန်လျင်နှင့် ထန်းတပင်မြို့နယ်တို့ ပါဝင်မည်ဖြစ်ပြီး ဘဏ္ဍာငွေများကို ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ကုန်တင် ကုန်ချ ကော်မတီရုံး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့များက ခွဲဝေသုံးစွဲရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

J-17



FOLLOW US