News

POST TAGGED AS

စည်ပင်သာယာရေး

နောက်ဖေးလမ်းကြား အမှိုက်ပစ်မှု အရေးယူခြင်းကို ကျောက်တံတားမြို့နယ်တွင် စတင်မည်


ရန်ကုန်၊ ဇန်နဝါရီ ၁၀

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်အနက် ကျောက်တံတားမြို့နယ်တွင် နောက်ဖေးလမ်းကြား အမှိုက်ပစ်ခြင်းကို စီစီတီဗီဖြင့်ကြည့်ရှုကာ အရေးယူခြင်းကို ဇန်နဝါရီလအတွင်း စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။

ဇန်နဝါရီလအတွင်း အဆိုပါမြို့နယ်ရှိ နောက်ဖေးလမ်းကြားများ၌ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လမ်းသာယာရေးအဖွဲ့တို့က CCTV များ ပြန်လည်ကြည့်ရှုခြင်းနှင့် ထိန်းချုပ်ခြင်းများကို ဆောင်ရွက်ကာ သက်ဆိုင်ရာမြို့နယ် စည်ပင်နှင့်ပူးပေါင်းပြီး အရေးယူရန် စီစဉ်နေခြင်းဖြစ်သည်။

“အခုလက်ရှိ CCTV တပ်ထားတာတွေကို ပြန်စစ်ဆေးမယ်။ ပြင်ထားတဲ့လမ်းတွေမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို CCTV က ကြည့်မယ်။ အစ်မတို့ရယ်၊ အုပ်ချုပ်ရေးမှူး၊ စည်ပင်တွေနဲ့ပူးပေါင်းပြီး အရေးယူမယ်”ဟု ဒေါ်ကြည်ပြာက ဆိုသည်။

ရာဇဝတ်မှုများနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများကို စောင့်ကြည့်ရန် ရန်ကုန်မြို့တွင်းမြို့နယ်ဖြစ်သည့်  ကျောက်တံတားမြို့နယ်ရှိ နောက်ဖေးလမ်းကြားများတွင် CCTV အလုံးရေ ၃၅၀ ခန့် တပ်ဆင်ထားသော်လည်း စောင့်ကြည့်စစ်ဆေးခြင်း မရှိသည့်အတွက် အမှိုက်စွန့်ပစ်မှုများ ရှိလာကြောင်း  ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်မြို့တွင်းမြို့နယ်များရှိ နောက်ဖေးလမ်းကြားများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကို စီစီတီဗီကင်မရာဖြင့် ကြည့်ရှုကာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

လက်ရှိတွင် ကျောက်တံတားမြို့နယ် တစ်ခုတည်းသာ နောက်ဖေးလမ်းကြားများတွင် CCTV တပ်ဆင်ထားခြင်းဖြစ်သဖြင့် အခြားမြို့တွင်း မြို့နယ်များအနေနှင့်  နောက်ဖေးလမ်းကြား အမှိုက်စွန့်ပစ်သည်ကို တွေ့ရှိပါက ဓာတ်ပုံ၊ သက်သေအထောက်အထားဖြင့် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးထံ တိုင်ကြားနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“စည်ကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကို ဓာတ်ပုံသက်သေ အထောက်အထားနဲ့ ပြည်သူအချင်းချင်းတိုင်ကြားဖို့ လိုတယ်။ တိုင်ကြားတာကို စည်ပင်အနေနဲ့ တရားရုံးကို စွဲတင်ပေးတယ်။ အခုလက်ရှိ မြို့တွင်းမြို့နယ်တွေမှာ အမှိုက်တွေကို ဆက်လက် ရှင်းလင်းပေးနေပါတယ်။ ပြည်သူတွေက မပြောင်းလဲသေးတော့ လုပ်ကိုင်ရတာ ခက်ခဲနေတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်နှင့် ဆက်စပ်မြို့နယ်အချို့ရှိ နောက်ဖေးလမ်းကြားများမှ အမှိုက်များကို စီမံချက်ဖြင့် ဖယ်ရှားရှင်းလင်းခဲ့သော်လည်း ယခုအခါ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် နောက်ဖေးလမ်းကြားများတွင် အမှိုက်များ ပြန်လည်ပြည့်နှက်လာကြောင်း မြို့တွင်းမြို့နယ် နေသူများထံမှ စုံစမ်းသိရှိရသည်။

“နောက်ဖေးလမ်းကြားမှာ အမှိုက်တွေကို ညဘက် ၁ နာရီ ၂ နာရီဆို ပစ်ချတယ်။ ပစ်ချတဲ့သူတွေက သူတို့ တိုက်အောက်ကို ပစ်မချဘူး။ သူများ တိုက်အောက်ဘက်ကို လွှဲပစ်တယ်။ တိုက်အပေါ်မှာနေတော့ စည်ပင်ကထားတဲ့ အမှိုက်ပုံးထိပစ်ဖို့ လူတွေက ပျင်းလာကြတယ်။ အစိုးရက ရှင်းလင်းပေမယ့် ပြည်သူတွေလည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်”ဟု ပန်းဘဲတန်းမြို့နယ်နေ ကိုအောင်ကျော်မိုးက ဆိုသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်နှင့် ဆက်စပ်မြို့နယ်အချို့ရှိ နောက်ဖေးလမ်းကြားများမှ အမှိုက်များကို ရှင်းလင်းရာတွင် မြို့နယ်တစ်မြို့နယ်အတွက် အစိုးရကချပေးသည့်  ပြည်ထောင်စုလွှတ်တော် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သိန်းတစ်ထောင်ထဲမှ လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဘတ်ဂျက်ငွေထဲမှ လည်းကောင်း သုံးစွဲဆောင်ရွက်ခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ထို့အပြင် ပန်းဘဲတန်းမြို့နယ် ၃၁ လမ်းနှင့် ၃၂ လမ်း (အလယ်ဘလောက်) ရှိ နောက်ဖေးလမ်းကြားဥယျာဉ်ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်၂ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုလက်ရှိ ပန်းဘဲတန်းမြို့နယ်ရှိ ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်း အလယ်ဘလောက်ရှိ နောက်ဖေးလမ်းကြားတွင် ဓာတ်ပုံများဖြင့် အလှဆင်ထားသည့် ဥယျာဉ်တစ်ခုကို ပြုလုပ်နေကြောင်း ပန်းဘဲတန်းမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။

နောက်ဖေးလမ်းကြားရှိ အမှိုက်များကို ငွေကုန်ကြေးကျခံကာ စီမံချက်ဖြင့် ရှင်းလင်းခဲ့သော်လည်း ယခုလက်ရှိ စည်းကမ်းမဲ့စွန့်ပစ်မှုများကို တားဆီးရန် အစိုးရတင်မကဘဲ မြို့နေပြည်သူလူထုနှင့် လူမှုအဖွဲ့အစည်းများကပါ ပူးပေါင်းပါဝင်သင့်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို ၂၀၁၃ စည်ပင်သာယာရေး အက်ဥပဒေ ပုဒ်မ (၆၈) အရ ပြစ်မှုထင်ရှားကာ တရားစီရင်ခြင်းခံရပါက ဒဏ်ငွေ အနည်းဆုံး တစ်သောင်းမှ အများဆုံး ငါးသိန်းအပြင် ထောင်ဒဏ်တစ်နှစ် ချမှတ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။

အိမ်နောက်ဖေး လမ်းကြားအတွင်းရှိ အမှိုက်များကို မြို့တွင်းမြို့နယ် ခြောက်မြို့နယ်ဖြစ်သည့်  လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်နှင့် ပုဇွန်တောင်မြို့နယ်တို့တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလကုန်မှစတင်ကာ ရှင်းလင်းခဲ့ပြီးနောက်ပိုင်း မြို့တွင်း ဆက်စပ်မြို့နယ်ဖြစ်သည့် မင်္ဂလာတောင်ညွှန့်နှင့် အလုံမြို့နယ်၊ ဗဟန်းတို့ကို စီမံချက်အရ ထပ်မံ ရှင်းလင်းခဲ့သည်။

J-10



FOLLOW US