News

POST TAGGED AS

စည်ပင်သာယာရေး

ILBC ကျောင်းကို စည်ပင်ဥပဒေဖြင့် ထပ်မံတရားစွဲ
ရန်ကုန်၊ ဇန်နဝါရီ ၁၀

စည်ပင်သာယာ၏ ညွှန်ကြားချက်၊ တားမြစ်ချက်ကို လိုက်နာခြင်းမရှိဟုဆိုကာ ရန်ကင်းမြို့နယ် သာယာရွှေပြည်လမ်းရှိ ILBC ကျောင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာ အက်ဥပဒေဖြင့် ပုဒ်မထပ်တိုးကာ တရားစွဲထားကြောင်း ရန်ကင်းမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။ 

ILBC ကျောင်းကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်မှစ၍ ရန်ကုန်မြို့တော် စည်ပင်သာယာ အက်ဥပဒေ ပုဒ်မ ၆၈ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး လိုက်နာမှုမရှိသဖြင့် ယခုအချိန်တွင် ယင်း အက်ဥပဒေ ပုဒ်မ ၆၉ ဖြင့် ထပ်မံ တရားစွဲဆိုထားကြောင်း ယင်းရုံးထံမှ သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက “သူတို့လည်း သူတို့အလုပ် သူတို့လုပ်နေတာလေ။ ကျွန်တော်တို့လည်း ကျွန်တော်တို့ အလုပ်အတိုင်း ဆက်ပြီးတရားစွဲမှာပဲ”ဟု ပြောကြားသည်။ 

ယင်း ဥပဒေအရ ပုဒ်မ ၆၈ သည် အနည်းဆုံး ဒဏ်ငွေတစ်သောင်းမှ ငါးသိန်းကျပ်၊ အများဆုံး ထောင်ဒဏ်တစ်နှစ် သတ်မှတ်ထားသည်။ ပုဒ်မ ၆၉ သည် တစ်ရက်လျှင် အနည်းဆုံး ဒဏ်ကြေး တစ်သောင်းကျပ်မှ ငါးသောင်းကျပ် သို့မဟုတ် ထောင်ဒဏ်တစ်နှစ် ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မည်သို့တုံ့ပြန်မည်ကို မေးမြန်းရန် ILBC ကျောင်းသို့ ဖုန်းဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။ 

ILBC ကျောင်းသို့ ဝင်ထွက်ပြေးဆွဲနေသော ကျောင်းကြို၊ ပို့ကားများကြောင့် လမ်းပိတ်သည်ဟုဆိုကာ ရပ်ကွက်နေ အိမ်ထောင်စု ၁၈၅ အိမ်၏လက်မှတ်ဖြင့် ရန်ကင်းစည်ပင်ရုံးသို့ ၂၀၁၆ ခုနှစ်တွင် စတင်တိုင်ကြားခဲ့ပြီး ဒုတိယအကြိမ်အဖြစ် အိမ်ထောင်စု ၂၄၀ ကျော်၏လက်မှတ်ဖြင့် ၂၀၁၇ အောက်တိုဘာလထဲတွင် ရန်ကင်းမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ရပ်ကွက်နေပြည်သူ ဦးဖေမြင့်က ထိုကဲ့သို့ တိုင်ကြားသဖြင့် စည်ပင်အုပ်ချုပ်ရေးမှူးရုံးက အဆိုပါကျောင်းကို တရားစွဲဆိုမှုရှိသော်လည်း ယခုအချိန်အထိ ကျောင်းပိတ်သိမ်းမှုမရှိဘဲ တရားစွဲဆိုမှု အချိန်သာကြာမြင့်လာသဖြင့် ယခုလအတွင်း လွှတ်တော်အမတ်များ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် တွေ့ဆုံတောင်းဆိုမည်ဖြစ်ကြောင်း ပြောဆိုသည်။ 

“လောလောဆယ်တော့ စည်ပင်က တရားစွဲထားတယ်။ စည်ပင်တရားစွဲတယ်ဆိုတာက ဘယ်နှနှစ်ထိစွဲမယ်ဆိုတာ စောင့်ကြည့်နေတယ်။ ဒါလောက် အကြာကြီးစွဲထားရင်လည်း သူတို့ကတော့ တစ်ရက်ငါးသိန်းပဲဖြစ်ဖြစ် ပေးနိုင်မှာပဲ။ တရားစွဲတာ တစ်ရက်ကြာလေ ပြည်သူတွေက တစ်ရက်ဒုက္ခရောက်တယ်”ဟု ဦးဖေမြင့်က ပြောကြားသည်။

၂၀၁၇ခုနှစ် စက်တင်ဘာလ ၄ ရက်တွင် ရန်ကင်းမြို့နယ် မာလာမြိုင်လမ်း ပြည်သာယာဓမ္မာရုံ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ILBC ကျောင်း ကျောင်းဖွင့်ချိန် နေ့စဉ် နံနက် ၈ နာရီမှ ၁၀ နာရီအတွင်း တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှ လေးနာရီအတွင်း တစ်ကြိမ် ကျောင်း ကြို၊ ပို့ ကားအစီးရေ ၅၀၀ ကျော်ရှိသဖြင့် လမ်းပိတ်ဆို့မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြဇာခြည်သင်း



FOLLOW US