News

POST TAGGED AS

စည်ပင်သာယာရေး

ရန်ကုန်မြို့ဝင်ကြေးကောက်မည့် ဂိတ်သစ် ၁၁ ဂိတ်အတွက် တင်ဒါခေါ်
ရန်ကုန်၊ ဇန်နဝါရီ ၈

ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်ပြင်ပ မြို့နယ် ၁၁ မြို့နယ်တွင် အဆင့်မြင့် မြို့ဝင်တိုးဂိတ်များကို ဆောက်လုပ်ရန် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူထားကာ မတ်လအတွင်း တည်ဆောက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ယခုလက်ရှိတွင် မြို့ဝင်ကြေးကောက်ခံရာတွင် တိုးဂိတ်များနှင့် ပေါင်း၍လည်းကောင်း၊ လမ်းများတွင် နေရာတစ်ခု သတ်မှတ်၍လည်းကောင်း ဖြစ်သလိုကောက်ယူနေရပြီး အဆင်မပြေသောကြောင့် ယခုကဲ့သို့ အဆင့်မြှင့် မြို့ဝင်ဂိတ်များ ဆောက်လုပ်ရခြင်းဖြစ်ကြောင်း တွံတေးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောကြားသည်။

“စည်ပင်ပြင်ပမြို့နယ်က ၁၁ မြို့နယ်မှာ မြို့အဝင်တိုးဂိတ်ကို ဆောက်လုပ်ဖို့ ဘတ်ဂျက်လည်း လွှတ်တော်က အတည်ပြုပြီးပြီ။ တင်ဒါကို ဖေဖော်ဝါရီလထဲ ရွေးချယ်ပြီး တည်ဆောက်ခွင့်ရမယ့်  ကုမ္ပဏီက မတ်လအတွင်းအပြီး ဆောက်လုပ်သွားမယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နမိတ်ပြင်ပမြို့နယ် ၁၁ မြို့နယ်ဖြစ်သည့် မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် ထန်းတပင်မြို့နယ်တို့တွင် မြို့အဝင်တိုးဂိတ်တစ်ခုစီ ဆောက်လုပ်မည်ဖြစ်ကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

တင်ဒါတင်သွင်းလိုသည့် ကုမ္ပဏီများအနေနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ စည်ပင်သာယာအဖွဲ့ရုံး၊ အင်ဂျင်နီယာဌာနတွင် တင်ဒါစာရွက်များကို ဇန်နဝါရီလ ၁၅ ရက်မှစတင်ကာ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး ယင်းဌာနသို့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်နေ့၊ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်သည်။

လက်ရှိတွင် မြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့ဝင်ကြေးများကို လေလံဆွဲကာ ကောက်ခံလျက်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ် ပြင်ပရှိ မြို့နယ်များတွင် အဆင့်မြင့်မြို့ဝင်ဂိတ်များ ဆောက်လုပ်ပြီးပါက ယင်းဂိတ်က ဖြတ်သန်းလာသည့်ယာဉ်များကို လုံခြုံရေးအရ ပိုမိုစစ်ဆေးခွင့်ရမည်ဖြစ်ကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ်များထံမှ  သိရသည်။

အဆိုပါ မြို့ဝင်ဂိတ်များ ဆောက်လုပ်မှုကို ယခုနှစ် ၂၀၁၇-၂၀၁၈ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မြို့ဝင်ဂိတ် တစ်ဂိတ်ကို ကျပ်သိန်း ၅၀၀ ကျော်မှ ကျပ်သိန်း ၉၀၀ ကျော် ကုန်ကျမည်ဟု ခန့်မှန်းတွက်ချက်ထားပြီး ခန့်မှန်းခြေ ကျပ်သိန်း ၇၀၀၀ ခန့် ကုန်ကျနိုင်မည်ဖြစ်သည်။

J-10



FOLLOW US