POST TAGGED AS

စည်ပင်သာယာရေး

အမှိုက်များပစ်ချမှုကြောင့် ရန်ကုန်မြို့လယ်နောက်ဖေးလမ်းကြား ဥယျာဉ်ပိတ်

ရန်ကုန်မြို့တော်လှပစေရေးအတွက် ပထမဆုံး ရှေ့ပြေးစီမံချက်အဖြစ် စတင်ခဲ့သည့် ရန်ကုန်မြို့ ၂၇ လမ်း (အောက်ဘလောက်) ရှိ နောက်ဖေးလမ်းကြားဥယျာဉ်ကို တိုက်များပေါ်မှ အမှိုများ၊ ထမင်းရည်များ ပစ်ချမှုများကြောင့် ခေတ္တပိတ်ထားကြောင်း ယင်းလမ်းနေ ပြည်သူများထံမှ သိရသည်။

အဆိုပါ နောက်ဖေးလမ်းကြားဥယျဉ်ကို အိမ်နောက်ဖေးလမ်းကြားများ သာယာလှပစေရန်၊ ကလေးငယ်များ ဆော့ကစားနိုင်စေရန်၊ နံရံဆေးရေးပန်းချီများ ရေးဆွဲနိုင်စေရန် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ဖွင့်လှစ်ခဲ့သော်လည်း ယင်းလမ်းတွင် နေထိုင်သည့် တိုက်ခန်းအချို့မှ စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုကြောင့် ကလေးများ အန္တရာယ်ရှိနိုင်သဖြင့် ခေတ္တပိတ်ထားခြင်းဖြစ်ကြောင်း ၂၇ လမ်းနေ ပြည်သူများက ပြောကြားသည်။

“နောက်ဖေးလမ်းကြားမှာ တိုက်ခန်းအချို့က စည်းကမ်းမဲ့ အမှိုက်တွေပစ်ချတယ်။ ထမင်းရည်တွေ သွန်ချတယ်။ ပစ်ချရင်လဲ သူတို့တိုက်အောက်ကိုမချဘူး။ လွှဲပစ်တယ်။ စည်းကမ်းမဲ့အမှိုက်ပစ်မှုတွေကြောင့် နောက်ဖေးလမ်းကြားမှာ ဆော့နေတဲ့ကလေးတွေ အန္တရာယ်ရှိလို့ ခေတ္တပိတ်ထားတယ်” ဟု ၂၇ လမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။

နမူနာပြုထားသည့် ၂၇ လမ်းရှိ နောက်ဖေးလမ်းကြားဥယျာဉ်ကို ငွေကျပ် သိန်း ၂၀ အကုန်အကျခံကာ ဆောင်ရွက်ခဲ့ပြီး ကုန်ကျစရိတ်ကို ဒို့အိမ်အဖွဲ့မှ ၈၀ ရာခိုင်နှုန်းနှင့် မြို့နယ်နေပြည်သူများမှ ၂၀ ရာခိုင်နှုန်းအကုန်ကျခံကာ ဆောင်ရွက်ခဲ့ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

“၂၇လမ်းက ကျွန်တော်တို့ စီမံချက်ထဲမှာ မပါဘူး။ ရပ်ကွက်ကလူတွေနဲ့ သူတို့လုပ်တဲ့အစီအစဉ်ပဲ။ ကျွန်တော်တို့က လောလောဆယ်တော့ ဆူးလေ ပတ်ဝန်းကျင်က နေရာတွေမှာ လုပ်နေတယ်။ နောက်ပိုင်းမှာတော့ ၂၇ လမ်းကို တစ်လမ်းလုံးကို ဥယျာဉ်အဖြစ်ဖော်ဆောင်ဖို့ ဆက်လုပ်သွားမယ်”ဟု ပန်းဘဲတန်း မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုသည်။

မြို့တော်သန့်ရှင်းလှပရေးအတွက် ယခုကဲ့သို့ အဖွဲ့အစည်းတစ်ခုအနေနှင့် လုပ်ဆောင်ပေးနေချိန်တွင် အစိုးရတင်မကဘဲ မြို့နေပြည်သူလူထုနှင့် လူမှုအဖွဲ့အစည်းများကပါ ပူးပေါင်းပါဝင်ရန် လိုအပ်လျက်ရှိပြီး စည်းကမ်းမဲ့ အမှိုက်ပစ်သူများကို စီစီတီဗီကင်မရာတပ်ဆင်ကာ အရေးယူဆောင်ရွက်သင့်ကြောင်းနှင့် လက်ရှိတွင် အမှိုက်များ ပြန်လည်ရှင်းလင်းရန် လိုအပ်နေသေးကြောင်း အဆိုပါရပ်ကွက်ရှိ ပြည်သူများက ပြောကြားသည်။

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ် ၃၁ လမ်းနှင့် ၃၂ လမ်း (အလယ်ဘလောက်)ရှိ နောက်ဖေးလမ်းကြားဥယျာဉ်ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုလက်ရှိ ပန်းဘဲတန်းမြို့နယ်ရှိ ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်း အလယ်ဘလောက်ရှိ နောက်ဖေးလမ်းကြားတွင် ဓာတ်ပုံများဖြင့် အလှဆင်ထားသည့် ဥယျာဉ်တစ်ခုကို ပြုလုပ်နေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

“ ၂၇ လမ်း နောက်ဖေးလမ်းကြား ဥယျာဉ်က ပုဂ္ဂလိကဖန်တီးထားတာဆိုတော့ ပိတ်တာ၊ ဖွင့်တာက သူတို့သဘောပေါ့။ ၃၁ လမ်းနဲ့ ၃၂ လမ်းက ဥယျာဉ်ကတော့ တရားဝင်ဖွင့်လှစ်ထားတာဆိုတော့ ဒို့အိမ်အဖွဲ့က ဝင်ရောက်ထိန်းသိမ်းသလို ကျွန်တော်တို့ဌာနအနေနဲ့ကလည်း ဝင်ရောက်ဆောင်ရွက်ပေးပါတယ်” ဟု ပန်းဘဲတန်းမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးက ဆိုသည်။

၂၇ လမ်းရှိ နောက်ဖေးလမ်းကြားမှာ ပေ ၈၅၀ ခန့်ရှိပြီး ဒို့အိမ်မှ ပေ ၁၀၀ ခန့်သာ နမူနာနောက်ဖေးလမ်းကြားဥယျာဉ် ဖော်ဆောင်ခဲ့ကြောင်းနှင့် ယခုလက်ရှိတွင် ဒို့အိမ်ရုံးခန်းမှာ ၄၁ လမ်းသို့ ပြောင်းရွှေ့သွားသောကြောင့် ယင်းဥယျာဉ်ကို အနီးပတ်ဝန်းကျင်ရှိ ရပ်ကွက်နေပြည်သူများက ထိန်းသိမ်းမှုမရှိသောကြောင့် ယခုကဲ့သို့ ပိတ်ရခြင်းဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ရှင်းပြသည်။

J-10



FOLLOW US