News

POST TAGGED AS

စည်ပင်သာယာရေး

အစိုးရက ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် တစ်ဦးကို ပုဒ်မ ၆၆ (ဃ) ဖြင့်အမှုဖွင့်
စစ်တွေ၊ ဒီဇင်ဘာ ၂၈

ရခိုင်ပြည်နယ်၌ အဆင့်မြင့်ဈေးသစ်ကြီး တည်ဆောက်ရန်အတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဗဟိုကော်မတီဝင် ဦးနှင်းထွန်းတိုးက လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားခြင်းကြောင့် ပြည်နယ်အစိုးရအဖွဲ့က ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ စခန်းထံမှသိရသည်။

စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်၏ ညွှန်ကြားမှုဖြင့် ပြည်နယ် အစိုးရအဖွဲ့ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်လတ်က တရားလိုလုပ်ကာ အမှုဖွင့်တိုင်ခြင်းဖြစ်ကြောင်း၊ အမှုကို စစ်တွေမြို့မ အမှတ် (၁) ရဲစခန်းတွင် ဖွင့်ထားကြောင်း ယင်းရဲတပ်ဖွဲ့စခန်းမှ သိရသည်။

ဦးနှင်းထွန်းတိုးသည် မြောက်ဦးမြို့တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ယခုလ ၂၅ ရက်နေ့တွင် သူနေထိုင်သည့်အိမ်သို့ ရဲအရာရှိများက လာရောက်ပြီး မြောက်ဦး မြို့မရဲစခန်းသို့  ခေါ်ယူကာ စစ်ဆေးမေးမြန်းခဲ့ပြီး အာမခံ ပေးထားကြောင်း ဦးနှင်းထွန်းတိုးထံမှ သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာနက ၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွင်း စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ရမ်းဗြဲမြို့နှင့် ဂွမြို့နယ်တို့တွင် အဆင့်မြင့်ဈေးသစ်ကြီးများ တည်ဆောက်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ရာတွင် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိဟုဆိုကာ လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့ခြင်းဖြစ်သည်။

“စည်ပင်ဝန်ကြီး Page မှာ အဲဒီဈေး ငါးဈေးအတွက် တင်ဒါခေါ်တဲ့အတွက် ဖောင်ဝယ်လို့ရပြီ ဆိုပြီးတော့ ပိတ်မယ့်ရက်လည်းမပါဘူး။ ကျွန်တော်တို့က နောက်တစ်နေ့မှာသွားတော့ ပိတ်လိုက်ပြီတဲ့၊ စည်းကမ်းအရဆို တစ်လ ရောင်းရမှာဖြစ်တယ်”ဟု ဦးနှင်းထွန်းတိုးကပြောသည်။

အဆိုပါ ဈေးသစ်များ တည်ဆောက်ရန် နိုဝင်ဘာလ ၁၆ ရက်နေ့က အိတ်ဖွင့်တင်ဒါအတွက် လျှောက်လွှာများ ရောင်းချခဲ့သော်လည်း ၁၇ ရက်နေ့တွင် ပိတ်လိုက်ပြီး ၂၀ ရက်နေ့၌ အိတ်ဖွင့်တင်ဒါကို ပွင့်လင်းမြင်သာမှုမရှိဘဲ ယင်းနေ့မှာပင် ဆုံးဖြတ်ခဲ့သဖြင့် ဝေဖန်ရေးသားခြင်းဖြစ်ကြောင်း အမှုဖွင့်ခံထားရသူ ဦးနှင်းထွန်းတိုးက ဆက်၍ဆိုသည်။

“ဈေး(ငါး)ဈေးကိစ္စ ကျွန်တော်ထက် အများကြီး ဝေဖန်ကြတဲ့သူတွေ ရှိတယ်။ ဒီကြားထဲကမှ ကိုယ့်ကိုရွေးပြီး ၆၆ နဲ့ဖွင့်တယ်ဆိုတာ ရခိုင်ပြည်နယ် လွှတ်တော်က သူ့ကို အရေးယူဖို့ကိစ္စနဲ့ ကိုယ်နဲ့များ တိုက်ရိုက် ပတ်သက်နေလားလို့ သံသယ ဖြစ်မိတယ်”ဟု ဦးနှင်းထွန်းတိုးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကိုလည်း စစ်ဆေးထားကြောင်းနှင့် စစ်ဆေးချက်တွေကို နေပြည်တော်သို့တင်ပြပြီး ညွှန်ကြားချက် တစ်စုံတစ်ရာ ထွက်ရှိလာခြင်း အပေါ်မှာသာ ဆက်လက် ဆောင်ရွက်သွားမည်ဟု ရဲအရာရှိများက ပြောဆိုကြောင်း ၎င်းထံမှသိရသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး ဝန်ကြီး ဦးမင်းအောင်ကို The Voice က အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်းမရှိပေ။

ခိုင်မင်းညို



FOLLOW US