News

POST TAGGED AS

စည်ပင်သာယာရေး

သီရိမင်္ဂလာဈေး ကုန်စိမ်းဆိုင်ခန်း ကျပ်သိန်း ၃၀ နှင့် ၆၀ ကြား အရောင်းအဝယ်ဖြစ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၄

လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမပေါ်ရှိ သီရိမင်္ဂလာဈေးသစ် (ပိတောက်ချောင်း)မှ လေးပေပတ်လည် ကုန်စိမ်းဆိုင်ခန်း တစ်ခန်းလျှင် ကျပ်သိန်း ၃၀နှင့် ၆၀ကြား အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသူဈေးသားများထံမှ စုံစမ်းသိရသည်။

“နေရာတစ်နေရာမှ လေးပေ ပတ်လည်ပဲရှိတယ်။ အဝင်အထွက် နေရာကောင်းရင် ကောင်းသလို ဈေးကြီးတယ်။ အနိမ့်ဆုံး တစ်ခန်း သိန်းသုံးဆယ်လောက် ပေါက်တယ်။ အပြင်လူတွေတော့ ဝင်ရောက်ဈေးကစားတာမျိုး မဟုတ်ဘူး။ ဈေးသည်အချင်းချင်းပဲ အရောင်းအဝယ် လုပ်ကြတာပါ” ဟု သီရိမင်္ဂလာဈေးသစ်ရှိ ကုန်စိမ်းဈေးသည်တစ်ဦးက ပြောကြားသည်။

အနယ်နယ်အရပ်ရပ်ရှိ ကုန်စိမ်းတင်ယာဉ်ကြီးများ ရပ်နားသည့် ကားပါကင်နေရာတွင် ကုန်စိမ်းဈေးသည် ၅၀၀ခန့်မှာ ပျံကျပုံစံဖြင့် နေရာဦးရောင်းချမှု ဖြစ်ပေါ်နေခြင်းကြောင့် ဈေးသည်များအတွက် သတ်သတ်မှတ်မှတ်ရှိစေရန် ယခုနှစ်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနက ဈေးရုံနှစ်ရုံ တိုးချဲ့တည်ဆောက်၍ လေးပေပတ်လည် ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သုံးသိန်းမှ ငါးသိန်းပေးသွင်းစေကာ ဈေးသည်များ မဲစနစ်ဖြင့် ချပေးခဲ့ခြင်းဖြစ်ကြောင်း ဈေးသည်များထံမှ သိရသည်။

သီရိမင်္ဂလာဈေးသစ်တွင် ပွဲရုံလုပ်ငန်းများအတွက် (က) ရုံ၊ (ခ) ရုံနှင့် (ဂ) ရုံဟူ၍ ဈေးရုံသုံးခုနှင့် ကုန်စိမ်းသည်များအတွက် သီးသန့်ဈေးရုံ နှစ်ရုံခဲ့သာ ဖွင့်ပေးနိုင်ခဲ့သဖြင့် ယခုနှစ်တွင် ကုန်စိမ်းသည်များအတွက် ထပ်မံ၍ ဈေးရုံနှစ်ရုံ တိုးချဲ့တည်ဆောက်ကာ လေးပေပတ်လည် ဆိုင်ခန်းပေါင်း ၅၀၀ကျော် ပါဝင်ကြောင်း ဈေးများဌာနအောက်ရှိ သီရိမင်္ဂလာဈေး သာယာရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။

“ကုန်သည်အချင်းချင်း ကျေနပ်လို့ အပြန်အလှန် ရောင်းဝယ်လုပ်ကြတာ။ စည်ပင်အနေနဲ့ အရင်ဈေးဟောင်းမှာ အမည်ပေါက်ရှိတဲ့ ဈေးသည်တွေကို မဲနှိုက်နေရာပြန်ချပေးတယ်။ ဈေးရုံအသစ်တွေ ဆောက်ပေးတယ်။ စည်ပင်သာယာအတွက်လည်း အခွန်အခရတယ်။ကျန်တာတော့ ကျွန်တော်တို့ ဘာလုပ်ပေးလို့ ရမှာလဲ” ဟု သီရိမင်္ဂလာဈေးသစ်ရှိ စည်ပင်ဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

သီရိမင်္ဂလာဈေးသစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဖွင့်ပေးထားသော ဈေးရုံခုနစ်ရုံခန့်အနက် လက်ရှိရောင်းချနေသည့် ပွဲရုံလုပ်ငန်းများအပါအဝင် ကုန်စိမ်းဆိုင်ခန်းပေါင်း သုံးထောင်ခန့်ရှိကြောင်း အဆိုပါဈေးမှ သာယာရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။

သီရိမင်္ဂလာဈေးဟောင်းကို ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းရှိ ယခင် (ကီလီဈေး)ဟုခေါ်ဆိုသော ကားပါကင်စနစ် ကောင်းမွန်သည့် လေးထပ်အဆောက်အအုံတွင် ဖွင့်လှစ်ခဲ့ပြီး မိုတယ်နှင့် ဟိုတယ်များအပါအဝင် ကလေးကစားကွင်းဟက်ပီးဝေါပါ ထည့်သွင်းရသည်အထိ စည်ကားခဲ့သည်။

“ဈေးကွက်ရဲ့ ဝယ်လိုအားကောင်းလို့ ဆိုင်ခန်းတွေ အဖိုးတန်လာတဲ့သဘောပဲ။ ရန်ကုန်မြို့တစ်ခုလုံးရဲ့ ကုန်စိမ်းအသီးအနှံဈေးကွက် ဒီဈေးအပေါ်မှာ မူတည်နေတယ်လေ။ ဒီလိုဆိုင်ခန်းနဲ့ နေရာဝယ်ယူမှုနဲ့ ရောင်းချမှုကလည်း တရားမဝင် ရောင်းဝယ်ဖောက်ကားမှုလည်း မဟုတ်ဘူး” ဟု စီးပွားရေးဆိုင်ရာ ပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

၂၀၁၀ ခုနှစ်ခန့်တွင် စာချုပ်သက်တမ်းပြည့်ခဲ့သည်ဟုဆိုကာ ကြည့်မြင်တိုင် သီရိမင်္ဂလာဈေးကုန်စိမ်းတန်းရှိ ပွဲရုံနှင့် ကုန်စိမ်းတန်းဈေးသည် တစ်ထောင်ကျော်ကို လှိုင်မြို့နယ် ပိတောက်ချောင်းသို့ ပြောင်းရွှေခဲ့သည်။

J-17



FOLLOW US