News

POST TAGGED AS

စည်ပင်သာယာရေး

ရန်ကုန်မြို့တွင် ခွင့်ပြုချက်မဲ့ ကြော်ငြာများတွေ့ပါက ကျပ်ငါးသိန်းအထိ ဒဏ်ရိုက်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် ခွင့်ပြုချက်မဲ့ ကြော်ငြာဆိုင်းဘုတ်၊ ဗီနိုင်းနှင့် စာရွက်များ စိုက်ထူခြင်း၊ ကပ်ထားခြင်းများ တွေ့ရှိပါက ကျပ်ငါးသိန်းထိ ဒဏ်ရိုက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ယခုလက်ရှိတွင် ပြည်သူများအနေနှင့် အဆောက်အအုံများ၊ ဓာတ်တိုင်များ၊ ခုံးကျော်တံတားများနှင့် အများပြည်သူ သွားလာရာနေရာအချို့တွင် ကြော်ငြာများ တပ်ဆင်ခြင်း၊ ကပ်ခြင်း၊ ချိတ်ဆွဲခြင်းနှင့် ရေးဆွဲခြင်းများကို ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်းအရာရှိ “မြို့နယ်တွေမှာ စည်းကမ်းမဲ့ ဆိုင်းဘုတ်များ ကပ်ထားတာတွေ တွေ့ရတဲ့အတွက် မြို့တော်သာယာလှပရေးအတွက် ထိခိုက်မှုတွေ ရှိလာတယ်။ ဒီအတွက် ဥပဒေနဲ့မညီတဲ့ ဆိုင်းဘုတ်တွေရှိရင် စည်ပင်ဥပဒေနဲ့အညီ အရေးယူမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဆိုင်ရာ တားမြစ်ချက်များ ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဍ)တွင် “မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်း၊ တပ်ဆင်ခြင်း၊ ကပ်ခြင်း၊ ချိတ်ဆွဲခြင်း (သို့မဟုတ်) ရေးဆွဲခြင်းမပြုရ”ဟူ၍ ပြဋ္ဌာန်းထားရှိပြီး ဖောက်ဖျက်ပါက ဒဏ်ကြေး ကျပ်တစ်သောင်းမှ ငါးသိန်းအထိ ကြော်ငြာပေါ်လိုက်၍ တပ်ရိုက်မည် ဖြစ်သည်။

ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်း လုပ်ငန်းရှင်များအတွက် ကြော်ငြာဆိုင်းဘုတ်များနှင့် ပတ်သက်၍ ယာယီ ဆိုင်းဘုတ်များ၊ LED ဆိုင်းဘုတ်များ၊ မြေစိုက် ဆိုင်းဘုတ်များ၊ ဗီနိုင်း ကြော်ငြာများ၊ ခြံစည်းရိုး နံရံကပ်ဆိုင်းဘုတ်များနှင့် နံရံဆေးခြယ် ဆိုင်းဘုတ်များကို သတ်မှတ်ချက်နှင့်အညီ ခွင့်ပြုကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

J-10



FOLLOW US