News

POST TAGGED AS

စည်ပင်သာယာရေး

မြိတ်တွင် စည်ပင်အကြုံပြုစာပုံးနှင့် ကားမှန်များ ဖျက်ဆီးခံရ

မြိတ်၊ နိုဝင်ဘာ ၃၀

မြိတ်ခရိုင်အတွင်းရှိ ပြည်သူလူထုအတွက် စည်ပင်သာယာရေး ကော်မတီနှင့်ပတ်သက်ပြီး တိုင်စာ၊ အကြံပြုစာများ ထည့်ရန် ပြုလုပ်ပေးထားသော စာပုံးတစ်ခုနှင့် ရပ်ကွက်အတွင်း ညအိပ် ရပ်နားထားသော ကားတစ်ချို့၏မှန်များ နိုဝင်ဘာ ၂၉ ရက်ညက ဖျက်ဆီးခံရသည်။

မြိတ်မြို့အတွင်း ထားရှိသော အကြံပြုစာပုံး သုံးခုအနက် မြို့သစ်ဈေးရှေ့၌ထားသော အကြံပြုစာပုံး မှန်ရိုက်ခွဲ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

အကြံပြုစာပုံး စထားပြီး ငါးလခန့်အတွင်း ပထမဆုံးအကြိမ် ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

“ဒီလိုလုပ်တာကတော့ တော်တော်လေး အရုပ်ဆိုး အကျဉ်းတန်လွန်းတယ်”ဟု ယင်းကိစ္စနှင့်ပတ်သက်ပြီး အထက်ပါ ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက မှတ်ချက်ပြုသည်။

အလားတူ ယင်းညက ဘုရားကိုင်ရပ်၊ နောက်လယ်ရပ်၊ ထားဝယ်စုရပ် လမ်းဘေး ဝဲယာတွင် ညအိပ်ရပ်နားထားသော အိမ်စီးကားတစ်ချို့၏ မှန်များ ရိုက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း နောက်လယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းအေးက ပြောသည်။

“CCTV တွေနဲ့ ပြန်စစ်နေတယ်။ ဒီတစ်ညတည်း ခြောက်စီးလောက် ရှိတယ်လို့ ကြားရတယ်။ အတိအကျ မသိသေးဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါ ကားမှန်ခွဲသည့် ကိစ္စနှင့်ပတ်သက်ပြီး မြိတ်ရဲစခန်းသို့ တိုင်ကြားလာခြင်း မရှိသေးကြောင်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

မြိတ်မြို့၌ ညနက်သန်းခေါင် ဆိုင်ကယ်စီးလူငယ်များက အရက်သေစာ သောက်စား၍ မြိတ်ကမ်းနားလမ်းတစ်လျှောက် ဆူညံစွာ မောင်းနှင်ခြင်း၊ အုပ်စုလိုက်ခိုက်ရန် ဖြစ်ပွားခြင်း၊ ညအိပ်ကားမှန်များအား ဖျက်ဆီးခြင်းစသည့် ဖြစ်ရပ်များ ယခင်ကလည်း ဖြစ်ခဲ့ဖူးသည်။

Dawei Watch



FOLLOW US