News

POST TAGGED AS

စည်ပင်သာယာရေး

စည်ပင်လုပ်ငန်းလိုင်စင် ယခင်ထက် ပိုမြန်မည်ဟု ပြော
ရန်ကုန်၊ နိုဝင်ဘာ ၂၈

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်း စီးပွားရေး လုပ်ငန်းလိုင်စင် လျှောက်ထားမှုများကို အချက်အလက်ပြည့်စုံပါက လျှောက်ထားသည့်ရက်မှ တစ်ပတ်အတွင်း လိုင်စင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အဆိုပါ စီးပွားရေးလုပ်ငန်း လိုင်စင်များ (စက်မှုဇုန်များမပါ) လျှောက်ထားရာတွင် လိုင်စင်ခွင့်ပြုချက်ကျရန် ယခင်က အချိန် တစ်လခန့်ထိ ကြာမြင့်ခဲ့ပြီး ယခု အခါအွန်လိုင်းနှင် သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရုံးများမှ လျှောက်ထားပါက တစ်ပတ်အတွင်း လိုင်စင်ခွင့်ပြုနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

“အရင်ကတော့ ကြန့်ကြာမှုတွေ ရှိခဲ့တယ်။ အခုတော့ မြို့နယ်စည်ပင်မှာ လျှောက်ထားရင် ကာယကံရှင်က သတ်မှတ်ထားတဲ့ စာရွက်စာတမ်း ပြည့်စုံအောင် ယူလာရမယ်။ မြို့နယ်စည်ပင်က ပြည့်စုံအောင် စိစစ်ပြီးရင် အွန်လိုင်းကနေ ခရိုင်နဲ့ ဌာနကို တင်ပေးရတယ်။ အဲဒီမှာ စစ်ဆေးပြီးလို့ ပြည့်စုံမှန်ကန်တယ်ဆိုရင် တစ်ပတ်အတွင်း ခွင့်ပြုတယ်”ဟု ၎င်းကဆိုသည်။

လုပ်ငန်းလိုင်စင်များကို အွန်လိုင်းမှ လျှောက်ထားရာတွင် အခြားအထောက်အထား စာရွက်စာတမ်းများ လိုအပ်ပါက ထပ်မံ တင်ပြရမည်ဖြစ်ပြီး လုပ်ငန်းလိုင်စင် ခွင့်ပြုချက်ရရှိ၍ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွင် ငွေပေးသွင်းပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အွန်လိုင်းမှ လုပ်ငန်းလိုင်စင်လျှောက်ထားမှုများနှင့်ပတ်သက်၍ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင် / မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးက ကွင်းဆင်း စစ်ဆေးမည့်ရက်ကို အကြောင်းကြားပေးမည်ဖြစ်ပြီး ကွင်းဆေးစစ်ဆေးစဉ် ထပ်မံ တင်ပြရန် အထောက်အထားများ လိုအပ်ပါက တစ်ပြိုင်တည်း တောင်းခံမည်ဖြစ်သည်။
 
အွန်လိုင်းသို့ သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရုံးများမှ လျှောက်ထားနိုင်သော လိုင်စင်များမှာ အစားအသောက် လိုင်စင်၊ လုပ်ငန်းလိုင်စင် (စက်မှုဇုန်မပါ)၊ တည်းခိုခန်းလိုင်စင်၊ ဘော်ဒါဆောင်လိုင်စင်၊ ကိုယ်ပိုင်ဈေးလိုင်စင်၊ ယာဉ်ဖြင့် လှည့်လည်ရောင်းချခွင့်လိုင်စင်၊ ယာယီဇာတ်ရုံ ပါမစ်၊ သက်တမ်းတိုး လိုင်စင်များ၊ လုပ်ငန်း အချက်အလက်ပြောင်း လိုင်စင်လျှောက်လွှာ၊ လုပ်ငန်းလိုင်စင်မိတ္တူ လျှောက်လွှာနှင့် လုပ်ငန်း ပိတ်သိမ်းကြောင်း လျှောက်ထားခြင်းတို့ ဖြစ်သည်။

အွန်လိုင်းမှ လုပ်ငန်းလိုင်စင် လျှောက်ထားသည့် စီးပွားရေး လုပ်ငန်းရှင်များအနေနှင့် လုပ်ငန်း အမျိုးအစားနှင့် သက်ဆိုင်သော ဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် လိုအပ်ချက်များကို https://app.ycdc.gov.mm/business-license/information.php တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

J-10 



FOLLOW US