News

POST TAGGED AS

စည်ပင်သာယာရေး

စည်ပင်ဌာနမှူး ဦးမင်းလွင်စိုး ရှေ့နေပါဝါတင်၊ တရားလိုကို စတင်စစ်ဆေး
မန္တလေး၊ နိုဝင်ဘာ ၁၅

နေပြည်တော် ကောင်စီနယ်မြေ စည်ပင်သာယာရေး ကော်မတီမှ ဌာနမှူးတစ်ဦးဖြစ်သည့် ဦးမင်းလွင်စိုးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က မန္တလေးတိုင်း တရားလွှတ်တော်တွင် တရားစွဲဆိုထားရာ ၎င်းအတွက် အမှုလိုက်ပေးမည့် အကျိုးဆောင်ရှေ့နေ ပါဝါတင်ခဲ့ပြီး တရားလိုကို စတင်စစ်ဆေးခဲ့သည်။

ဝက်သားသတ်လိုင်စင်လုပ်ငန်း လုပ်ကိုင်ခွင့် ရထားသူ နှစ်ဦးဖြစ်သည့် ဦးမျိုးခက်နှင့် ဦးဘိုဘိုဟန်တို့က နေပြည်တော် ကောင်စီ စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ ဌာနမှူး (ဒုတိယ ညွှန်ကြားရေးမှူးချုပ်) ဦးမင်းလွင်စိုးနှင့် တိရစ္ဆာန် ကုသရေးနှင့် သားသတ်ရုံများဌာန ဌာနမှူး (ဒုတိယ ညွှန်ကြားရေးမှူးချုပ်) ဒေါက်တာ ခိုင်စိုးလှတို့ကို ငွေပေးခဲ့ရကြောင်း စစ်ဆေး ပေါ်ပေါက်သည့်အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲဆိုထားခဲ့သည်။

ယင်းကြောင့် ဦးမင်းလွင်စိုးနှင့် ဒေါက်တာ ခိုင်စိုးလှတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အဖွဲ့ဝင် ဦးအောင်ဇော်မြင့်က တရားလို ပြုလုပ်ကာ မန္တလေးတိုင်း တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

“ဒီနေ့ကတော့ စွပ်စွဲခံရသူဘက်က အမှုလိုက်ပေးဖို့ ရှေ့နေပါဝါ တင်ပါတယ်။ တစ်ခါတည်းပဲ တရားလိုဖြစ်တဲ့ ဦးအောင်ဇော်မြင့်ကို စစ်ဆေးပါတယ်။ နောက်ရုံးချိန်းမှ ကျွန်တော်တို့ဘက်က ပြန်လည် စစ်မေးချက်တွေ လုပ်နိုင်မှာပါ။ ဒီအမှုက ထောင်ချောက်တစ်ခုလို့ပဲ မြင်ပါတယ်။ ထောင်ချောက်မို့လို့လည်း သူတို့က ဗီဒီယိုဖိုင်တွေ ရိုက်၊ ဓာတ်ပုံတွေ ရိုက်ခဲ့ကြတာပါ။ ဒါတွေက စစ်ဆေးရင်းကနေ ပေါ်ပေါက်လာမှာပါ”ဟု ဦးခိုင်စိုးလှ၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ တော်ဝင် ဦးခင်မောင်သန်းက ပြောကြားသည်။

ဦးမင်းလွင်စိုးသည် ဦးမျိုးခက်ထံမှ ၁၉.၈.၂၀၁၇ တွင် ကျပ် ၁၀ သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ ခုနှစ် မတ်လတွင် ကျပ်သိန်း ၂၀၊ ဒေါက်တာ ခိုင်စိုးလှသည် ဦးမျိုးခက်ထံမှ ၁၁.၈.၂၀၁၇ တွင် ကျပ်ငါးသိန်း၊ ၁၉.၈.၂၀၁၇ တွင် ကျပ် ၁၀ သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ ခုနှစ် မေလဆန်းတွင် ကျပ်သိန်း ၄၀ ရယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် ယင်းတို့နှစ်ဦးကို ကော်မရှင်အနေနှင့် တရားစွဲဆိုရန် ဆုံးဖြတ်ကာ အောက်တိုဘာလ ၃၀ ရက်နေ့တွင် အမှုဖွင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံမှ သိရသည်။

ယင်းသို့ နိုင်ငံ့ဝန်ထမ်း လုပ်ပိုင်ခွင့် ရှိသူများအနေနှင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲ သုံးစားပြုကာ ငွေကြေးရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည့်အတွက် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ ဇမ္ဗူသီရိမြို့နယ် မြို့မရဲစခန်းနှင့် ဥတ္တရသီရိမြို့နယ် ဘုရားကုန်း နယ်မြေရဲစခန်းတို့တွင် အမှုဖွင့်ထားခြင်းဖြစ်သည်။ 

M-04



FOLLOW US