News

POST TAGGED AS

စည်ပင်သာယာရေး

မန္တလေးတိုင်း တစ်လအတွင်း သွေးလွန်တုပ်ကွေးလူနာ ၄၀ဝ ကျော် ထပ်တိုး
မန္တလေး၊ စက်တင်ဘာ ၁၀

မန္တလေးတိုင်းအတွင်း၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသည့် လူနာအရေအတွက် တစ်လအတွင်း လေးရာကျော် ထပ်တိုးလာကြောင်း တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ပထမပတ်အတွင်းက သွေးလွန်တုပ်ကွေး ဖြစ်ပွားသည့်လူနာ ၈၀ဝ ခန့်သာ ရှိခဲ့ရာမှ စက်တင်ဘာလ ပထမပတ်တွင် သွေးလွန်တုပ်ကွေး လူနာဦးရေ ၁၂၆၀ ခန့်အထိ မြင့်တက်လာခဲ့ကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောကြားသည်။

“အစ်မတို့အနေနဲ့ကတော့ သွေးလွန်တုပ်ကွေးလူနာ တွေ့ပြီဆိုတာနဲ့ လူနာရဲ့အိမ်ကို သွားတယ်။ အိမ်သူအိမ်သားတွေကို ကာကွယ်မှုတွေ လုပ်ပေးတယ်။ အိမ်ပတ်ဝန်းကျင်မှာ ဆေးဖျန်းပေးတယ်။ ရပ်ကွက်ထဲမှာ အသိပညာပေးတယ်။ ပြည်သူတွေကလည်း ဖုံး၊ သွန်၊ လဲ၊ စစ် ကို သေချာလေး လိုက်လုပ်ပေးဖို့ လိုပါတယ်။ အဲဒါတွေ မလုပ်လို့လည်း အခုလိုလူနာတွေ များနေတာ”ဟု ၎င်းကဆိုသည်။

စက်တင်ဘာလ ပထမပတ်အထိ ရရှိထားသော စာရင်းများအရ မန္တလေးတိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် မန္တလေးခရိုင်တွင် ၇၉၅ ဦးဖြင့် အများဆုံးဖြစ်ကာ၊ မြင်းခြံခရိုင်တွင် ၁၇၂ ဦး၊ ရမည်းသင်းခရိုင်တွင် ၆၇ ဦး၊ ညောင်ဦးခရိုင်တွင် ၄၀ ဦး၊ ကျောက်ဆည်ခရိုင်တွင် ၅၅ ဦး၊ မိတ္ထီလာခရိုင်တွင် ၂၉ ဦးနှင့် အခြားခရိုင်များတွင် ၁၀ဝ ဦးရှိရာ စုစုပေါင်း ၁၂၅၉ ဦးရှိကြောင်း ဖော်ပြထားသည်။

“သွေးလွန်တုပ်ကွေး ရောဂါက မြို့ပြရောဂါပေါ့။ ကျေးရွာနဲ့မြို့ပြယှဉ်ရင် ကျေးရွာတွေမှာ ဒီလောက်မဖြစ်ဘူး မြို့ပြကပိုဖြစ်တယ်။ ရာသီဥတု ပြောင်းလာတော့ အရင်တုန်းက မိုးရာသီမှာပဲ အဖြစ်များတယ်လို့ တွက်ထားတာ အခုနောက်ပိုင်း တစ်နှစ်ပတ်လုံးလို ဖြစ်နေတာကို တွေ့နေရတယ်”ဟု ဒေါက်တာသန်းသန်းမြင့်က ထပ်လောင်း ပြောဆိုသည်။

၂၀၁၇ ခုနှစ်အတွင်း၌ မလှိုင်မြို့နယ်မှ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး သွေးလွန်တုပ်ကွေး ရောဂါကြောင့် ဩဂုတ်လအတွင်းက သေဆုံးခဲ့ကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

မန္တလေးတိုင်းအတွင်း၌ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၃၈ ဦး၊ ဖေဖော်ဝါရီလက ၃၉ ဦး၊ မတ်လက၂၀ ဦး၊ ဧပြီလတွင် ၁၂ ဦး၊ မေလတွင် ၁၂၈ ဦး၊ ဇွန်လတွင် ၂၄၆ ဦး၊ ဇူလိုင်လတွင် ၃၇၄ ဦး၊ ဩဂုတ်လတွင် ၄၀၂ ဦးရှိခဲ့ပြီး ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ စည်ပင်အနေနဲ့ ပိုးလောက်လန်းနဲ့ ခြင်နှိမ်နင်းရေးအတွက် ဆေးဖျန်းပေးတာတွေ လုပ်နေပါတယ်။ သောကြာနေတိုင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ပေးတယ်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးတွေမှာဆိုရင် ကျောင်းဆင်းချိန်တွေမှာ ဆေးဖျန်းပေးတယ်။ တိုးချဲ့လုပ်ပေးဖို့ကတော့ ပြည်သူ့ကျန်းမာကလုပ်မှ ကျွန်တော်တို့က ပူးပေါင်း လုပ်ဆောင်ပေးနိုင်မှာပါ”ဟု မြို့တော်စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာနမှ ဌာနခွဲမှူး ဒေါက်တာ ခင်မောင်ဦးက ပြောကြားသည်။

M-04



FOLLOW US