News

POST TAGGED AS

စည်ပင်သာယာရေး

ရန်ကုန်စည်ပင် ရွေးကောက်ပွဲ ၂၀၁၈ ခုနှစ် မတ်လတွင် ကျင်းပမည်
ရန်ကုန်၊ စက်တင်ဘာ ၂

တစ်နှစ်ကျော်ကြာ ကျင်းပရန် နှောင့်နှေးခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်၊ မတ်လတွင် ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

စည်ပင်ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ မူကြမ်းမှာ ရေးဆွဲမှု ပြီးစီးပြီဖြစ်၍ စက်တင်ဘာလ ဒုတိယအပတ်တွင် တိုင်းလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။

“စည်ပင်ရွေးကောက်ပွဲကို မတ်လမှာ လုပ်မယ်။ အဲဒီမှာရတဲ့သူတွေကို ဧပြီလမှာ တာဝန် ထမ်းဆောင်နိုင်ဖို့ စီစဉ်ထားတယ်။ စည်ပင်နည်းဥပဒေ အတည်ပြုပြီးတာနဲ့ ရွေးကောက်ပွဲ ဥပဒေကို ဒီဇင်ဘာလမှာ ကြေညာမယ်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် သုံးလကို အမည်စာရင်း တင်သွင်းတာတို့၊ ရွေးကောက်ပွဲ စည်းရုံးတာတို့ ခွင့်ပြုပြီး ရွေးကောက်ပွဲကို လုပ်မယ်”ဟု ၎င်းက ဆိုသည်။

ယခုလ ၂၀၁၈ ခုနှစ်၊ မတ်လတွင် ပြုလုပ်မည့် စည်ပင်ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်း မဲပေးခွင့် ရရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“၂၀၁၄ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ စည်ပင် ရွေးကောက်ပွဲတုန်းက အိမ်ထောင်စုတစ်စုမှာ အသက် ၁၈ နှစ်ပြည့်တဲ့ အိမ်ထောင်ဦးစီးကပဲ မဲပေးခွင့် ရရှိပါတယ်။ အခုလာမယ့် စည်ပင်ရွေးကောက်ပွဲမှာတော့ အသက် ၁၈ နှစ်ပြည့်တဲ့ သူတိုင်း မဲပေးခွင့် ရရှိမှာပါ”ဟု ၎င်းကဆိုသည်။

ယခင် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့က ကျင်းပခဲ့ပြီး ရွေးချယ်ခံရသည့် ကော်မတီဝင် လေးဦး၊ ခရိုင် လေးခုမှ ကိုယ်စားလှယ် ၁၂ ဦး၊ ၃၃ မြို့နယ်မှ ကိုယ်စားလှယ် ၉၉ ဦး စုစုပေါင်း ၁၁၅ ဦးတို့သည် ၂၁၀၆ ခုနှစ်၊ မေလ ၁၈ ရက်တွင် တာဝန်ပြီးဆုံးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌကို မြို့တော်ဝန်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခန့်အပ်သည့် အဖွဲ့ဝင် လေးဦး၊ ပြည်သူမှ ရွေးကောက် တင်မြှောက်သည့်အဖွဲ့ဝင် လေးဦး ကော်မတီဝင် အဖွဲ့ဝင် ကိုးဦးဖြင့် ဖွဲ့စည်းတင်မြှောက်ရမည်ဖြစ်သည်။

၂၀၁၄ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကျပ်သိန်း ငါးထောင်ခန့် ဘတ်ဂျက် သုံးစွဲကာ ကျင်းပခဲ့သည်။

J-10



FOLLOW US