News

POST TAGGED AS

စည်ပင်သာယာရေး

စည်ပင်တာဝန်ရှိသူများနှင့် အလုံဈေးသူ၊ ဈေးသားများ ရုန်းရင်းဆန်ခတ်ဖြစ်
ရန်ကုန်၊ ဩဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ  အလုံဈေးသစ် တည်ဆောက်မှုနှင့်ပတ်သက်ပြီး စည်ပင်သာယာရေး ကော်မတီနှင့် ဈေးသူဈေးသားများ ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းက ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။

“စည်ပင်က ဒုတိယဌာနမှူး ဦးသောင်းတင်က မနက်မှာလာပြီး ဈေးသစ်ဆောက်ဖို့ ဆိုင်းဘုတ်လာထောင်တယ်။ ဦးသောင်းတင်က ဈေးသစ် ဆောက်တဲ့နေရာမှာ လုပ်ငန်းကို လာရောက်တားဆီးရင် ဝိုင်းရိုက်လိုက်ဖို့ သူ့ဝန်ထမ်းတွေကို ပြောတာကို အနီးနားက ဈေးဆိုင်ခန်းတွေက ကြားတယ်။ အနီးနားက လူတွေက ကြားတော့ အဲ့စကားက ပြန့်ပြီးတော့ ရပ်ကွက်က လူတွေပါပါလာပြီးတော့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ”ဟု ဆိုင်အမှတ် ၁၇ (ဆ) တွင် ကုန်စိမ်းရောင်းသည့် ကိုမျိုးမင်းသူက ဆိုသည်။

အဆိုပါ အလုံဈေးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဘတ်ဂျက် ကျပ်သိန်း နှစ်ထောင်ကျော် အသုံးပြုကာ အဆင့်မြှင့်တင်နေခြင်းဖြစ်ကြောင်း၊ အဆင့်မြင့်ဈေးများတွင် ဈေးဆိုင်ခန်းများကို ဈေးသစ်တွင် ပြန်လည် နေရာချထားပေးမှုနှင့်ပတ်သက်ပြီး ဈေးသူဈေးသားများနှင့် စည်ပင်သာယာရေး ကော်မတီအကြား အငြင်းပွားနေခြင်းဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

“ဈေးသစ် တည်ဆောက်မှုနဲ့ပတ်သက်ပြီး ၁၄ ရက်နေ့ကတည်းက တိုင်းဒေသကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့အဖွဲ့တွေနဲ့ သွားရောက် ရှင်းပြပေးပြီးသားပါ။ အဲ့လိုမျိုး ဝိုင်းရိုက်ဖို့အတွက် ပြောဆိုခဲ့တာ မရှိပါဘူး။ ကျွန်တော်တို့ကို လာပြီးထိခိုက်မှုမရှိရင် ဘာမှလုပ်စရာမရှိဘူး။ လုပ်လာခဲ့ရင်လည်း ဥပဒေအရ ဆောင်ရွက်မှာပါ။ ဈေးအသစ် ဆောက်တယ်ဆိုတာ ကျွန်တော်တို့ကလည်း တာဝန်အရ လုပ်ရတာပါ။ တရားရုံး သွားရရင်လည်း နှစ်ဖက်စလုံး အကျိုးမရှိဘူး”ဟု ဈေးများဌာန၊ ဒုတိယဌာနမှူး ဦးသောင်းတင်က ဆိုသည်။

ပြည်သူများ၏ ကန့်ကွက်မှုကြောင့် ဇွန်လလယ်က ယာယီ ရပ်နားထားသော အလုံအဆင့်မြင့် ဈေးသစ် ပြန်ဆောက်ရန် ဩဂုတ်လ ၁၁ ရက်က စည်ပင်သာယာရေး ကော်မတီဝင်များ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆင့်မြင့် ဈေးများ၏ မူဝါဒများအရ ပြန်လည်နေရာချထားရာတွင် ပထမထပ်တွင် ကုန်စိမ်းနှင့် အသားငါးများ ဟူ၍လည်းကောင်း၊ ဒုတိယထပ်တွင် ကုန်ခြောက်များနှင့် အဝတ်အထည်၊ ရွှေငွေဆိုင်များ ဟူ၍လည်းကောင်း ပြန်လည် နေရာချထားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဈေးများဌာနထံမှ သိရသည်။

အလုံမြို့နယ်ရှိ အဆင့်မြင့်ဈေးသစ် တည်ဆောက်မှု စီမံကိန်းနှင့်ပတ်သက်၍ အငြင်းပွားမှုများကို ရန်ကုန်တိုင်းဒေသကြီး အစည်းအဝေးတွင် မြို့နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့်တိုင်ပင်ကာ တင်ပြဆွေးနွေးရန် စီစဉ်ထားကြောင်း ယင်းမြို့နယ်ရှိ မဲဆန္ဒနယ်အမှတ် ၂ မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက ပြောကြားသည်။

အလုံဈေးတွင် မူလရောင်းချနေသည့် ဆိုင်ခန်းပေါင်း ၂၁၆ ခန်းရှိနေပြီး ဈေးသူ၊ ဈေးသားများ အနေနှင့် မူလနေရာများတွင် မူလဆိုင်ခန်း အကျယ်အဝန်းများအတိုင်း ပြန်လည်ရယူလိုကြောင်း ဆန္ဒထုတ်ဖော်ထားသည်။

J-14



FOLLOW US