POST TAGGED AS

စည်ပင်သာယာရေး

ရန်ကုန် စည်ပင်ရွေးကောက်ပွဲ ၂၀၁၈ နှစ်ဆန်းပိုင်းမှသာ ကျင်းပနိုင်မည်
ရန်ကုန်၊ ဩဂုတ် ၁၂

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စည်ပင်ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ မူကြမ်းကို ရေးဆွဲလျက်ရှိရာ ယခုနှစ် နိုဝင်ဘာလတွင် ရေးဆွဲမှု ပြီးစီးမည်ဖြစ်သဖြင့် ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှသာ ကျင်းပနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီထံမှ သိရသည်။

စည်ပင်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူကြမ်း ရေးဆွဲပြင်ဆင်ပြီး တိုင်းဒေသကြီး လွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပြီးမှသာ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

“အဓိက စည်ပင်ရွေးကောက်ပွဲ ကျင်းပဖို့ ကြန့်ကြာနေတာက စည်ပင် နည်းဥပဒေ မရှိလို့ပါ။ စည်ပင်ဥပဒေကို တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စည်ပင်က အဖွဲ့ဝင် ၅၀ နဲ့ပူးပေါင်းပြီး ဆောင်ရွက်တာပါ”ဟု ၎င်းက ဆိုသည်။

ယခင် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်က ကျင်းပခဲ့ပြီး ရွေးချယ်ခံရသည့် ကော်မတီဝင် လေးဦး၊ ခရိုင်လေးခုမှ ကိုယ်စားလှယ် ၁၂ ဦး၊ ၃၃ မြို့နယ်မှ ကိုယ်စားလှယ် ၉၉ ဦး စုစုပေါင်း ၁၁၅ ဦးတို့သည် ၂၀၁၆ ခုနှစ် မေလ ၁၈ ရက်တွင် တာဝန်ပြီးဆုံးခဲ့ရာ လက်ရှိတွင် အဆိုပါ ကိုယ်စားလှယ်များ လှစ်ဟနေသည်မှာ တစ်နှစ်နှင့် နှစ်လကျော် ကြာမြင့်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ ရေးဆွဲပြီး တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြုပြီးသည်နှင့် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ကို ပြည်သူများ သိရှိနိုင်ရန် ထုတ်ပြန်ကြေညာမည် ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌကို မြို့တော်ဝန်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခန့်အပ်သည့် အဖွဲ့ဝင် လေးဦး၊ ပြည်သူမှ ရွေးကောက် တင်မြှောက်သည့် အဖွဲ့ဝင် လေးဦး၊ ကော်မတီဝင် အဖွဲ့ဝင် ကိုးဦးဖြင့် ဖွဲ့စည်းတင်မြှောက်ရမည်ဖြစ်သည်။


မန္တလေးတိုင်းတွင် စည်ပင်ရွေးကောက်ပွဲကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နှင့် ချင်းပြည်နယ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် စည်ပင်ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန် တစ်နှစ်ကျော်ခန့် အချိန်ကြန့်ကြာနေကြောင်း ပြည်သူများနှင့် ယခင် စည်ပင်ကိုယ်စားလှယ်လောင်းများက ပြောကြားသည်။

၂၀၁၄ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကျပ်သိန်း ငါးထောင်ခန့်သုံးစွဲကာ ကျင်းပ ပြုလုပ်ခဲ့သော်လည်း ယင်းရွေးကောက်ပွဲကို ရန်ကုန်မြို့နေ ပြည်သူလူထုက စိတ်ဝင်စားမှု နည်းခဲ့သည်။

J-10



FOLLOW US